အင်္ဂလန်လက်‌ရွေးစင်အသင်းနဲ့အတူ ကမ္ဘာ့ဖလားရယူရန် ရည်မှန်းထားတယ်လို့ ပြောလာပြန်တဲ့ တူချယ်

18 Oct

အင်္ဂလန်အသင်းနည်းပြရာထူးက သူ့အတွက်ကြီးမားတဲ့ တာဝန်တစ်ခုဖြစ်သလို အသင်းနဲ့အတူ ကမ္ဘာ့ဖလား ရယူနိုင်ဖို့အထိ ရည်မှန်းထားတယ်လို့ နည်းပြသစ် တူချယ် က ပြောကြားလိုက်ပါတယ်။ အင်္ဂလန်နည်းပြသစ်အဖြစ် မိတ်ဆက်ပွဲကို အောက်တိုဘာလ ၁၆ ရက်က ပြုလုပ်ခဲ့ပြီး တူချယ် က အခုလို ပြောကြားခဲ့တာပါ။ လက်ရွေးစင်အသင်းကို ကိုင်တွယ်ရတာဟာ အရင်ကကိုင်တွယ်ခဲ့ဖူးတဲ့ ကလပ်အသင်းတွေကို ကိုင်တွယ်ရတာနဲ့ မတူညီတဲ့အတွက် ကြီးမားတဲ့ တာဝန်တစ်ခုလို ခံစားရတယ်လို့ တူချယ် က ဝန်ခံသွားခဲ့ပါတယ်။ ချဲလ်ဆီး၊ ပီအက်စ်ဂျီနဲ့ ဘိုင်ယန်မြူးနစ်အသင်း စတဲ့ ဥရောပထိပ်တန်းအသင်းကြီးတွေကို ကိုင်တွယ်ခဲ့ဖူးတဲ့ ဂျာမနီလူမျိုးနည်းပြ တူချယ် ဟာ အင်္ဂလန်အသင်းနည်းပြအဖြစ် တာဝန်ယူဖို့ ၁၈ လစာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှာ အသင်းကို စတင်တာဝန်ယူမှာဖြစ်ပါတယ်။ အင်္ဂလန်အသင်းဟာ ၁၉၆၆ ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်း နိုင်ငံတကာပြိုင်ပွဲအောင်မြင်မှုနဲ့ ဝေးကွာနေခဲ့တာ ဖြစ်ပြီး တူချယ် ကတော့ သူ့လက်ထက်မှာ ဒီရလဒ်ဆိုးကို အဆုံးသတ်နိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။ အားကစား လောကမှာ မဖြစ်နိုင်တာ မရှိဘူးဆိုတဲ့စကားအတိုင်း အင်္ဂလန်အသင်းအနေနဲ့လည်း ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်မှုရဖို့က ခက်ခဲမှာမှန်ပေမယ့် မဖြစ်နိုင်တာတော့ မဟုတ်ဘူးလို့ မီဒီယာမိတ်ဆက်ပွဲမှာ တူချယ် က ပြောသွားခဲ့ပါတယ်။(NVS 008)

18 Oct

ADVERTISE HERE .