စွပ်စွဲချက်တွေကို ငြင်းပယ်ထားတဲ့ တိုက်စစ်မှူး အမ်ဘာပေ
18 Octရီးရဲလ်အသင်းနဲ့ ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး အမ်ဘာပေ ဟာ ဆွီဒင်ရဲတပ်ဖွဲ့ရဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ငြင်းဆိုခဲ့ပါတယ်။ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့လယ်က ဟိုတယ်တစ်ခုမှာ ပြီးခဲ့တဲ့တစ်ပတ်က ဖြစ်ပွားခဲ့တဲ့မုဒိမ်းမှုမှာ ဆွီဒင်ရဲတပ်ဖွဲ့က အမ်ဘာပေ ကို သံသယရှိသူအဖြစ် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ အမ်ဘာပေ ဟာ ပြီးခဲ့တဲ့ နိုင်ငံတကာပွဲကာလအတွင်း ဒဏ်ရာပြဿနာကြောင့် ပြင်သစ်လက်ရွေးစင်အသင်း ကနေ ချန်လှပ်ခံရပြီးနောက် သူငယ်ချင်းတွေနဲ့အတူ ဆွီဒင်နိုင်ငံကို အားလပ်ရက်အပန်းဖြေခရီးထွက်ခဲ့ချိန်မှာ ယခုပြဿနာပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ အမ်ဘာပေရဲ့ ရှေ့နေဖြစ်သူကလည်း ဆွီဒင်ရဲတပ်ဖွဲ့ရဲ့ စွပ်စွဲမှုတွေကို ငြင်းဆိုထားပြီး အမ်ဘာပေ မှာ အပြစ်မရှိ ကြောင်းကို သက်သေပြသွားမယ်လို့ ပြောထားပါတယ်။ အမ်ဘာပေ ကိုယ်တိုင်ကလည်း စွပ်စွဲခံရတဲ့သတင်း ထွက်ပေါ်လာခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်မှာ သူ့ရဲ့လူမှုကွန်ရက်ကတစ်ဆင့် သတင်းအမှားတွေဖြစ်တယ်လို့ တုန့်ပြန်ထားပါတယ်။ လက်ရှိအချိန်မှာတော့ အမ်ဘာပေ ဟာ စပိန်နိုင်ငံကို ပြန်လည်ရောက်ရှိနေပြီး ရီးရဲလ်နဲ့အတူ လေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။ ရီးရဲလ်အသင်းဟာ လာမယ့်စနေညမှာ လာလီဂါပွဲစဉ်အဖြစ် ဆယ်တာဗီဂိုအသင်း အိမ်ကွင်းကို သွားရောက် ကစားရမှာဖြစ်ပြီး အမ်ဘာပေ လည်း ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်လာဖွယ်ရှိနေပါတယ်။(NVS 008)