သီတင်းကျွတ်လပြည့်နေ့တွင် ပုဂံဒေသသို့ ခရီးသွားများဝင်ရောက်မှု ယမန်နှစ်ထက်များပြား

18 Oct

သီတင်းကျွတ်လပြည့်နေ့တွင် နိုင်ငံတစ်ဝန်းရှိ ဘုရား၊ ပုထိုးစေတီတို့၌ ပြည်သူများအနေဖြင့် ကုသိုလ် ကောင်းမှုများပြုကြပြီး အထူးစည်ကားလျက်ရှိရာ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တို့စုဝေးရာ ပုဂံဒေသတွင်လည်း ယမန်နှစ်သီတင်းကျွတ် လပြည့်နေ့ထက် ယခုနှစ်တွင် ခရီးသွားဝင်ရောက်မှု ပိုမိုများပြားခဲ့ကြောင်း သိရပါတယ်။ သီတင်းကျွတ်ပွဲတော်မတိုင်မီကပင် ပုဂံကိုခရီးသွားဝင်ရောက်မှုများရှိခဲ့ပြီး သီတင်းကျွတ်လပြည့်နေ့ မနက်ကနေညအထိ ပုဂံယဉ်ကျေးမှုနယ်မြေရှိ အထင်ကရဘုရား၊ စေတီ ၁၈ နေရာမှာ ဘုရားဖူးများဖြင့် စည်ကား ခဲ့ပါတယ်။ ထီးလိုမင်းလိုဘုရားမှာဆိုရင် ညနေပိုင်းအထိ ခရီးသွားတစ်သောင်းနီးပါးဝင်ရောက်ခဲ့ပြီး ယမန်နှစ်ကထက် ခရီးသွားများ ပိုမိုဝင်ရောက်ခဲ့ကြောင်း ထီးလိုမင်းလိုဘုရားဂေါပကအဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။ အဘိဓမ္မာအခါတော်နေ့တွင် ဗုဒ္ဓဘာသာဝင်များအနေဖြင့် ဘုရား၊ ပုထိုးစေတီနှင့် သာသနာ့နယ်မြေတို့၌ ဆွမ်း၊ ပန်း၊ ရေချမ်းကပ်လှူခြင်း၊ အဘိုးအဘွားနှင့်မိဘများကို ကန်တော့ခြင်း၊ ညပိုင်းတွင် မြတ်ဗုဒ္ဓအား ဆီမီးထွန်းညှိ ပူဇော်ခြင်းတို့ဖြင့် ကုသိုလ်ယူကြလျက်ရှိသည်။ နေ့ထူးနေ့မြတ် ဘာသာ ရေးပွဲတော်နေ့တွင် ပုဂံဒေသရှိ အထင်ကရ ဘုရားစေတီများဖြစ်သည့် ရွှေစည်းခုံ၊ အာနန္ဒာ၊ အလိုတော်ပြည့်၊ သဗ္ဗညု၊ ထီးလို မင်းလို၊ ကန်တော့ပလ္လင်၊ ငှက်ပစ်တောင်၊ ဗူးဘုရား၊ မဟာဗောဓိ၊ စူဠာမဏိ၊ ဓမ္မရံကြီး၊ ရွှေဆံတော်၊ မနူဟာ၊ မြစေတီ၊ လောကနန္ဒာ၊ ဓမ္မရာဇက၊ စွယ်တော်ဘုရား၊ ပြသာဒ်ကြီး ဘုရားတို့တွင် ဘုရားဖူးခရီးသွားများဖြင့် အထူးစည်ကားခဲ့သည်။ ပုဂံဒေသရှိ အထင်ကရ ဘုရားစေတီတော်တို့၌ လပြည့်နေ့ နံနက် ၄ နာရီမှစတင်ပြီး ဆွမ်း၊ ပန်း၊ ရေချမ်းများ ကပ်လှူပူဇော်ကြပြီး ည ၆ နာရီမှစတင်၍ ဆီမီးများထွန်းညှိပူဇော်ခဲ့ကြပါတယ်။ ယမန်နှစ် သီတင်းကျွတ် လပြည့်နေ့တွင် ခရီးသွားတစ်သိန်းခန့်ဝင်ရောက်ခဲ့ပြီး ယခုနှစ် သီတင်းကျွတ်လပြည့်နေ့မှာ ခရီးသွားနှစ်သိန်းခန့် ဝင်ရောက်ကုသိုလ်ယူခဲ့ကြကြောင်း သိရပါတယ်။ (NVS 003)

18 Oct

ADVERTISE HERE .