ကျိုက်ထီးရိုး တောင်တက်ကားခ ဈေးနှုန်းများ တိုးမြှင့်သတ်မှတ်

16 Oct

ကျိုက်ထီးရိုးတောင်တက်ကားခ နှုန်းထားများကို အောက်တိုဘာလ ၁၆ ရက်မှ စတင်ပြီး တိုးမြှင့်ကောက်ခံ သွားမည်ဖြစ်ကြောင်း ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ်ကားဂိတ်မှ သိရပါတယ်။ အဆိုပါတိုးမြှင့်သတ်မှတ်လိုက်သည့် ကားခဈေးနှုန်းများမှာ ယာဉ်ခေါင်းခန်းတွင် လိုက်ပါစီးနင်းမည့် ခရီးသည် တစ်ဦးလျှင် ကျပ် ၉,၀၀၀၊ နောက်ခန်းမှလိုက်ပါစီးနင်းမည့် ခရီးသည်တစ်ဦးလျှင် ကျပ် ၇,၀၀၀ နှင့် ယာဉ်စင်းလုံး ငှားရမ်းခဈေးနှုန်းမှာ ကျပ် ၂၈၀,၀၀၀ ကျသင့်မှာဖြစ်ပါတယ်။ ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာလ ၁၇ ရက်(ယနေ့)တွင် စည်ကားသိုက်မြိုက်စွာ စတင်ဖွင့်လှစ်မှာဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ မေလ ၁၁ ရက် ကဆုန်လပြည့်နေ့အထိ ၇ လတိုင်တိုင် စည်ကားသိုက်မြိုက်စွာ နှစ်စဉ်ကျင်းပလျက်ရှိနေတာဖြစ်ပါတယ်။ ပွဲတော်ကာလအတွင်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူဧည့်သည်များ အဆင်‌ပြေချောမွေ့စွာဖြင့် တောင်တော်‌ပေါ်သို့ တက်‌ရောက်နိုင်ရန် တောင်တက်ကားအစီးရေ ၁၅၀ ဖြင့် နေ့စဉ်ပြေးဆွဲ‌ပေးမှာဖြစ်‌ပါတယ်။ ခရီးသွားများ အန္တရာယ်ကင်းရန် တောင်တက်ကားများ၏ ကြံ့ခိုင်မှုများကိုလည်း စစ်ဆေးထားရှိသည့်အပြင် တောင်ပေါ်တွင် စားသောက်ရေး၊ တည်းခိုနေထိုင်နိုင်ရေးအတွက် တည်းခို‌ဆောင်များ၊ ထမင်းဆိုင်များနှင့် အမှတ်တရ ပစ္စည်းအ‌ရောင်းဆိုင်များကိုလည်း ဆိုင်ခန်းများဖွင့်လှစ်ထားကြောင်း သိရပါတယ်။ (NVS 003)

16 Oct

ADVERTISE HERE .