မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံအကြား MOU ၅ စောင် လက်မှတ်ရေးထိုး

16 Oct

မြန်မာနိုင်ငံအစိုးရနဲ့ အိန္ဒိယနိုင်ငံအစိုးရတို့အကြား မြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမယ့်စီမံချက်တွေ အကောင် အထည်ဖော်ဆောင်ရွက်ဖို့ နားလည်မှုစာချွန်လွှာ(MoU) ၅ စောင် လက်မှတ်ရေးထိုးခဲ့တယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။ အဆိုပါ နားလည်မှုစာချွန်လွှာရေးထိုးပွဲကို အောက်တိုဘာလ ၁၄ ရက် နေ့လယ်ပိုင်းက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁) အစည်းအဝေးခန်းမမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အခမ်းအနားမှာ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနဲ့ တောင်သူလယ်သမားတွေရဲ့ လူမှုစီးပွားရေးဖွံ့ဖြိုးရေး အတွက် အခြောက်ခံစက်နဲ့ အခြောက်ခံစက်ထားဖို့ အဆောက်အဦစီမံချက်၊ အဆင့်မြင့်စိုက်ပျိုးရေးသုတေသနနဲ့ ပညာရေးဗဟိုဌာန ဗဟုသုတဘဏ်တည်ထောင်ခြင်းစီမံချက်၊ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ ဆောင်းဒါး ရက်ကန်းနဲ့ အသက်မွေးပညာသိပ္ပံအောက်ရှိ ရက်ကန်းနဲ့ အသက်မွေးပညာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစီမံချက်၊ မန္တလေး တိုင်းဒေသကြီးရှိ အမျိုးသမီးကလေးများကျောင်းအတွက် တစ်ထပ်အဆောက်အဦဆောက်လုပ်ခြင်းစီမံချက် နဲ့ ရန်ကုန်တိုင်းဒေသကြီး အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှု ဗဟိုဌာနတည်ထောင်ခြင်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာတွေကို လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီစီမံချက်တွေဟာ စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၂ သိန်းခွဲရှိပြီး စီမံချက်တစ်ခုကို အမေရိကန် ဒေါ်လာ ၅ သောင်းတန်ဖိုးဖြင့် ခွင့်ပြုပေးတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့နှစ်ကလည်း အလားတူစီမံချက် ၃ ခုကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး စီမံချက်တွေကို မြန်မာနိုင်ငံရဲ့ လူမှုစီးပွားဖွံ့ဖြိုးမှုကို အထောက်အကူ ဖြစ်စေဖို့ အိန္ဒိယအစိုးရနဲ့ ဆက်လက်ညှိနှိုင်း ဆောင်ရွက်ဖို့ရှိတယ်လို့ သိရပါတယ်။ (NVS 003)

16 Oct

ADVERTISE HERE .