ရုရှားကာကွယ်ရေးဝန်ကြီးနှင့် တရုတ်ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌတို့ ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေး
16 Octတရုတ်နိုင်ငံသို့ရောက်ရှိနေသော ရုရှားကာကွယ်ရေးဝန်ကြီး အန်ဒရီဘီလိုဆော့ဗ် သည် အောက်တိုဘာလ ၁၅ ရက်တွင် ပေကျင်းမြို့၌ တရုတ်ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ကျန်ယိုရှား နှင့် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သိရသည်။ ဆွေးနွေးပွဲတွင် တရုတ်ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌနှင့် ရုရှားကာကွယ်ရေးဝန်ကြီးတို့သည် ကာကွယ်ရေးနှင့် စစ်ရေးစစ်ရာကိစ္စများကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။ ထို့ပြင် နှစ်နိုင်ငံစစ်ရေးဆက်ဆံမှု ချဲ့ထွင်ရန်နှင့် အဆင့်မြင့်တာဝန်ရှိသူများ၏ အပြန်အလှန်ခရီးစဉ်များ ဆက်လက်မြှင့်တင်ရန် ရုရှားနှင့် တရုတ်နှစ်ဖက်စလုံးက မျှော်လင့်ထားကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီး ဌာနက ဆွေးနွေးပွဲအပြီး ထုတ်ပြန်ထားသည့် ကြေညာချက်တွင် ဖော်ပြထားသည်။ တရုတ်နှင့် ရုရှားနိုင်ငံတို့သည့် အကန့်အသတ်မရှိ မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေး စတင်မှုကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ကြေညာထားသော နိုင်ငံများဖြစ်သည်။ အာရှတိုက်၌ ပေါ်ပေါက်နေသည့် ပြဿနာနှင့် ပတ်သက်၍ ရုရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ရပ်တည်ချက်ချင်းတူကြောင်း ရုရှားအစိုးရက ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ကြေညာထားသည်။ ရုရှားသမ္မတ ပူတင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင် တို့အနေဖြင့် ရုရှား-တရုတ် နှစ်နိုင်ငံမဟာဗျူဟာမိတ်ဖက် ဆက်ဆံရေးကို ဆက်လက်တိုးချဲ့တည်ဆောက်ရန် သဘောတူထားကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးက တရုတ် နိုင်ငံခရီးစဉ်အတွင်း ပြောကြားထားသည်။