တောင်ကိုရီးယားနှင့် ချိတ်ဆက်ထားသည့် ကားလမ်းများကို မြောက်ကိုရီးယား ဖောက်ခွဲဖျက်ဆီး
16 Octတောင်နှင့်မြောက်ကိုရီးယား နှစ်နိုင်ငံကြား ချိတ်ဆက်ထားသည့် နယ်စပ်ဖြတ်ကားလမ်းများ၏ မြောက်ဘက် ပိုင်းကို မြောက်ကိုရီးယားနိုင်ငံက အောက်တိုဘာလ ၁၅ ရက်တွင် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။ မြောက်ကိုရီးယားနိုင်ငံက ၎င်းဘက်အခြမ်းရှိ နယ်စပ်ဖြတ်ကားလမ်းများကို ဖောက်ခွဲဖျက်ဆီးနေချိန်တွင် တောင်ကိုရီးယားတပ်မတော်ကလည်း သတိပေးပစ်ခတ်မှုများ ပြုလုပ်ခဲ့ရကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီး ချုပ်များအဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။ တောင်နှင့်မြောက်ကိုရီးယား နှစ်နိုင်ငံကြား နယ်စပ်ဖြတ်ကားလမ်းများနှင့် ရထားလမ်းများကို အလုံးစုံ ဖြတ်တောက်မည်ဖြစ်ကြောင်း မြောက်ကိုရီးယားအစိုးရက ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ကြေညာထားသည်။ မြောက်ကိုရီးယားနိုင်ငံသည် အောက်တိုဘာလ ၁၅ ရက် နေ့လယ်ပိုင်းတွင် တောင်ကိုရီးယားနှင့် ချိတ်ဆက် ထားသည့် မြောက်ကိုရီးယားဘက်ခြမ်းရှိ ကားလမ်းနှင့် ရထားလမ်းအစိတ်အပိုင်းအချို့ကို ဖောက်ခွဲဖျက်ဆီး ခဲ့ကြောင်း တောင်ကိုရီးယားအစိုးရ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တောင်ကိုရီးယားနှင့် ချိတ်ဆက်ထားသည့် ကားလမ်း၊ ရထားလမ်းများအား မြောက်ကိုရီးယားအစိုးရက ဖောက်ခွဲဖျက်ဆီးခဲ့မှုကို တောင်ကိုရီးယားအစိုးရ ကိုရီးယားကျွန်းဆွယ် ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနက အတိတ်ကာလနှစ်နိုင်ငံ သဘောတူညီချက်ကို ချိုးဖောက်မှုအဖြစ် ဝေဖန်ထားသည်။ ကိုရီးယားကျွန်းဆွယ်ဒေသ၌ အခြေအနေများ တင်းမာနေချိန်တွင် မြောက်ကိုရီးယားက ၎င်းဘက်ခြမ်းရှိ နယ်စပ်ဖြတ်ကားလမ်းနှင့် ရထားလမ်းများကို ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။