“နေးရှင်းလိဂ်မှာ နိုင်ပွဲပြန်လည်ရှာဖွေနိုင်ခဲ့တဲ့ အင်္ဂလန်အသင်း”
15 Octပြီးခဲ့တဲ့ ကြာသပတေးညက ကစားခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ ဂရိအသင်းကိုရှုံးနိမ့်ခဲ့တဲ့ နာမည်ကြီး အင်္ဂလန် အသင်းဟာ တနင်္ဂနွေညက ကစားခဲ့တဲ့ပွဲမှာတော့ ဖင်လန်အသင်းကို ဂိုးပြတ်နဲ့နိုင်ပြီး နိုင်ပွဲပြန်ရသွားခဲ့ပါတယ်။ အင်္ဂလန်အသင်းရဲ့ ယာယီနည်းပြ ကာစလေ ဟာ ဂရိအသင်းနဲ့ပွဲက အလုပ်မဖြစ်ခဲ့တဲ့ ၄-၂-၄ ကစားကွက် အစား အခုပွဲမှာ ၄-၂-၃-၁ ကစားကွက်ကို ပြောင်းလဲသုံးခဲ့သလို ဟယ်ရီကိန်းပြန်ပါလာတဲ့ တိုက်စစ်ကလည်း ကစားပုံ ပိုမိုကောင်းခဲ့တာ ဖြစ်ပါတယ်။ ပွဲချိန် ၁၈ မိနစ်မှာပဲ ဂရီလစ်ရှ်က အင်္ဂလန်အသင်းအတွက် အဖွင့်ဂိုးသွင်းယူပြီး ပွဲကို ဦးဆောင်ခဲ့ပါတယ်။ ဖင်လန် အသင်းကြိုးစားခဲ့တယ်ဆိုပေမယ့် အင်္ဂလန်ကပဲ ဘောလုံးပိုင်ဆိုင်မှု အသာရယူပြီး ပွဲကိုထိန်းကစားခဲ့တာပါ။ ပွဲချိန် ၇၄ မိနစ်မှာတော့ အာနိုးက လှပတဲ့ အလွတ်တည်ကန်ဘောနဲ့ ဒုတိယဂိုးထပ်သွင်းခဲ့သလို ၈၄ မိနစ်မှာ ဒီကလန်ရိုက်စ် က အင်္ဂလန်အသင်း အနိုင်သေချာစေမယ့် တတိယဂိုးကို သွင်းခဲ့တာဖြစ်ပါတယ်။ အိမ်ရှင်ဖင်လန်အသင်းအတွက် ပွဲပြီးကာနီးမှာ နောက်ခံလူ ဟော့စ်ကိုနန်က ချေပဂိုးတစ်ဂိုးပြန်သွင်းခဲ့လို့ ပွဲအပြီး မှာ အင်္ဂလန်အသင်း ၃ ဂိုး ၁ဂိုးနဲ့ အနိုင်ရခဲ့တာပါ။ နေးရှင်းလိဂ် လိဂ်(B) အုပ်စု(၂)ရဲ့ ပွဲစဉ် ၄ ပွဲစီကစားပြီးချိန်မှာ ဂရိအသင်းက ရမှတ် ၁၂ မှတ်နဲ့ အုပ်စုထိပ်ဆုံးမှာရှိနေပြီး အင်္ဂလန်ကတော့ ရမှတ် (၉)မှတ်နဲ့ အုပ်စုဒုတိယနေရာ မှာ ရပ်တည်နေပါတယ်။ (NVS 008)