“ဘိုလီးဗီးယားအသင်းနှင့်ပွဲအတွက် ကစားသမားအပြည့်အစုံနဲ့ လေ့ကျင့်ပြင်ဆင်နေတဲ့ အာဂျင်တီးနားအသင်း”

15 Oct

ကမ္ဘာ့ဖလား ချန်ပီယံ အာဂျင်တီးနားအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ တောင်အမေရိကဇုန်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမယ့် ဘိုလီးဗီးယားအသင်းနဲ့ပွဲအတွက် လေ့ကျင့်မှုတွေကို လူစုံတက်စုံနဲ့ ပြုလုပ်ခဲ့ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဗင်နီဇွဲလားအသင်းကို သရေကျခဲ့တဲ့အတွက် အာဂျင်တီးနားအသင်းဟာ ခြေစစ်ပွဲစဉ် ၉ ပွဲကစားအပြီးမှာ ဒုတိယနေရာက ကိုလံဘီယာအသင်းကို ၃ မှတ်သာဖြတ်ထားနိုင်တော့တာ ဖြစ်ပါ တယ်။ ဒါကြောင့် လာမယ့်ဘိုလီးဗီးယားအသင်းနဲ့အိမ်ကွင်းပွဲမှာ အာဂျင်တီးနားအသင်း နိုင်ပွဲရဖို့ ပိုမိုလိုအပ်နေ ခဲ့တာဖြစ်ပြီး မက်ဆီ အပါအဝင် အသင်းသားတွေအားလုံး လူစုံတက်စုံနဲ့ လေ့ကျင့်နေခဲ့တာဖြစ်ပါတယ်။ မက်ဆီ ဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ တောင်အမေရိကဇုန်မှာ အာဂျင်တီးနားအတွက် ၃ ဂိုးသွင်းယူ ပေးထားပြီး ဝါရင့်နောက်ခံလူ အော်တာမန်ဒီနဲ့အတူ အသင်းရဲ့ အခုခြေစစ်ပွဲသွင်းဂိုးအများဆုံးအဖြစ် ရပ်တည်ထားနိုင်တာ ဖြစ်ပါတယ်။ နည်းပြစကာလိုနီကလည်း ဗင်နီဇွဲလားအသင်းနဲ့ပွဲက အားနည်းချက်တွေကို လာမယ့်ပွဲတွေမှာ ပြင်ဆင်သွားမှာ ဖြစ်ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုထိပ်ဆုံးနေရာကို ဆက်ထိန်းထားနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဘိုလီးဗီးယား အသင်းနဲ့ပွဲမတိုင်ခင်မှာ ပြောထားပါတယ်။ (NVS 008)

15 Oct

ADVERTISE HERE .