“ရှန်ဟိုင်းမာစတာ ဗိုလ်လုပွဲမှာ ဂျိုကိုဗစ် ကို အနိုင်ရကာ ချန်ပီယံဖြစ်ခဲ့တဲ့ ဆင်နာ”
15 Octအောက်တိုဘာလ ၁၃ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ရှန်ဟိုင်းမာစတာ တင်းနစ်အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲမှာ ကမ္ဘာ့အဆင့်(၁) အီတလီတင်းနစ်သမား ဆင်နာ က ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ် ကို အနိုင်ရပြီး ချန်ပီယံဆုကို ရယူသွားခဲ့ပါတယ်။ ဂျိုကိုဗစ်ဟာ အေတီပီတိုး တစ်ဦးချင်းချန်ပီယံဆုကို အကြိမ် ၁၀၀ ပြည့်ရယူနိုင်တဲ့ တတိယမြောက် တင်းနစ်သမားဖြစ်လာဖို့ မျှော်လင့်ချက်နဲ့ ကြိုးစားခဲ့ပေမယ့် ကမ္ဘာ့အဆင့်(၁) ဆင်နာကလည်း အကောင်းဆုံး လက်စွမ်းနဲ့ ကစားပြသွားခဲ့တာ ဖြစ်ပါတယ်။ ပထမပွဲလတ်မှာ ဂျိုကိုဗစ်နဲ့ ဆင်နာတို့ အကြိတ်အနယ်ရှိခဲ့ပေမယ့် ဒုတိယပွဲလတ်မှာတော့ ဆင်နာ က လက်စွမ်းပိုင်းပိုကောင်းခဲ့ပြီး အမှတ်တွေလည်း ပိုပြီးတော့ ရယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပွဲကစားချိန် ၁ နာရီနဲ့ ၃၇ မိနစ်သာကြာမြင့်ခဲ့ပြီးနောက် ဆင်နာက ဂျိုကိုဗစ်ကို (၇း၆၊၆း၃) ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး အခုနှစ်အတွက် ၇ ခုမြောက် အေတီပီတိုး တစ်ဦးချင်းချန်ပီယံဆုကို ရယူသွားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အခုပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့အတွက် ဆင်နာ ဟာ ၂၀၂၄ ခုနှစ်ကို ကမ္ဘာ့အဆင့်(၁) နေရာနဲ့နှုတ်ဆက်ခွင့်ရဖို့ကိုလည်း သေချာသွားခဲ့ပါတယ်။ (NVS 008)