“ယခုလနောက်ဆုံးပတ်မှာ သုခဒဂုံအငှားအိမ်ရာ ငှားရမ်းနေထိုင်ခွင့်များ ထပ်မံမဲနှိုက်ရွေးချယ်ပေးမည်”

15 Oct

ဒဂုံမြို့သစ်(တောင်ပိုင်း)ရှိ သုခဒဂုံအငှားအိမ်ရာတွင် တတိယအသုတ်အတွက် အိမ်ခန်းငှားရမ်း နေထိုင်ခွင့်ကို ယခုအောက်တိုဘာနောက်ဆုံးပတ်မှာ ထပ်မံမဲနှိုက်ကာ ရွေးချယ်ပေးသွားမယ်လို့ သိရပါတယ်။ အခုလိုမဲနှိုက်ကာ ရွေးချယ်ပေးမယ့် အစီအစဉ်ကို သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဆောက်လုပ်ပြီးစီးခဲ့တဲ့ အဆောက်အဦများမှာ နေရေးအခက်အခဲ ရှိသူများအတွက် ငှားရမ်းနေထိုင်ခွင့် လျှောက်ထားလာသော လျှောက်လွှာများကို စိစစ်ပြီးလျှောက်လွှာများနှင့် ယခင်မဲနှိုက်ခွင့်ရရှိပြီး မဲမပေါက်သော လျှောက်ထားသူများကို မဲစနစ်ဖြင့် ရွေးချယ်ငှားရမ်းနေထိုင်ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။ အိမ်ခန်းငှားရမ်းနေထိုင်ခွင့်အတွက် မဲနှိုက်ခွင့်ရရှိသူစာရင်းနှင့် မဲနှိုက်ရမည့် နေ့ရက်ကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးရုံးများမှာ အောက်တိုဘာလ ၁၁ ရက်မှ ၂၅ ရက်အထိ အသိပေးကြေညာထားမည်ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ဆောက်လုပ်နေတဲ့ သုခဒဂုံပြည်သူ့အငှား အိမ်ရာမှာ ဆောက်လုပ်ပြီးစီးသွားတဲ့ အခန်း ၆၀၀ ခန့်ကို ငှားရမ်းနေထိုင်နိုင်ရန် မဲနှိုက်ရွေးချယ်ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ အခုလိုငှားရမ်းပေးနေတဲ့ အခန်းငှားခနှုန်းထားများမှာ ၄၆,၀၀၀ ကျပ်မှ ၆၇,၀၀၀ ကျပ်ထိ သတ်မှတ် ထားပြီး ပထမထပ် ၆၇,၀၀၀ ကျပ်၊ ဒုတိယထပ် ၆၀,၀၀၀ ကျပ်၊ တတိယထပ် ၅၅,၀၀၀ ကျပ်နှင့် စတုတ္ထထပ် ၄၆,၀၀၀ ကျပ်ဖြင့် အသီးသီး သတ်မှတ်ထားကြောင်း သိရပါတယ်။ (NVS 004)

15 Oct

ADVERTISE HERE .