“ကလပ်အသင်းတွေနဲ့ ပြန်လည်ပူးပေါင်းခဲ့ကြတဲ့ ပရီးမီးယားလိဂ်ကစားသမားများ”
14 Octအာဆင်နယ်အသင်း တောင်ပံကစားသမား ဘူကာယိုဆာကာ၊ လီဗာပူးလ်အသင်း နောက်ခံလူ ဗာဂျီလ်ဗန်ဒိုက်နှင့် တိုက်စစ်ကစားသမား မိုဟာမက်ဆာလာတို့ဟာ လက်ရွေးစင်အသင်းလူစာရင်းမှ နုတ်ထွက်ကာ ကလပ်အသင်းများနှင့် ပြန်လည်ပူးပေါင်းခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ အင်္ဂလန်လက်ရွေးစင်ကစားသမားဖြစ်သူ ဆာကာ က အောက်တိုဘာလ ၁၀ ရက်က ဂရိအသင်းကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ UEFA Nations League ပွဲစဉ်မှာ ယာဘက်ခြေထောက်ဒဏ်ရာရရှိခဲ့ပြီး ဒုတိယပိုင်းအစ ၅၁ မိနစ်မှာပင် လူစားလဲခဲ့ရပါတယ်။ ဆာကာ ဟာ ဖင်လန်အသင်းနှင့် အဝေးကွင်းကစားရမယ့်ပွဲအတွက် လိုက်ပါသွားခြင်းမရှိဘဲ ဒဏ်ရာကို စစ်ဆေးမှုပြုလုပ်ရန် အာဆင်နယ်အသင်းသို့ ပြန်သွားခြင်း ဖြစ်ပါတယ်။ နယ်သာလန်လက်ရွေးစင်အသင်းခေါင်းဆောင် ဗန်ဒိုက် ကလည်း အောက်တိုဘာလ ၁၁ ရက်က ဟန်ဂေရီ အသင်းနှင့် ကစားတဲ့ပွဲစဉ်မှာ လက်ရွေးစင်ကစားသမားဘဝ ပထမဆုံးအနီကတ်ပြခံခဲ့ရပါတယ်။ ဒါကြောင့် ဂျာမနီ အသင်းနှင့်ကစားမည့်ပွဲကို လွဲချော်မှာဖြစ်လို့ လီဗာပူးလ်အသင်းသို့ပြန်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။ အီဂျစ်လက်ရွေးစင် အသင်းခေါင်းဆောင် ဆာလာ ကတော့ အောက်တိုဘာလ ၁၁ ရက်က မော်ရီတေးနီးယား အသင်းနှင့်ကစားတဲ့ အာဖရိကနိုင်ငံများဖလား ခြေစစ်ပွဲမှာ တစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဆာလာ က ဒဏ်ရာ ပြဿနာမရှိသော်လည်း လက်ရွေးစင်အသင်းမှ ကြိုတင်၍ ပြန်သွားခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 008)