“မန္တလေးကျုံးဘေးတစ်လျှောက် သီတင်းကျွတ်မီးထွန်းပွဲတော် စည်ကားစွာကျင်းပရန်ပြင်ဆင်”

14 Oct

မန္တလေးကျုံးဘေးတစ်လျှောက်မှာ သီတင်းကျွတ်မီးထွန်းပွဲတော်ကို စည်ကားစွာကျင်းပနိုင်ဖို့အတွက် ကြိုတင် ပြင်ဆင်ထားကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲထံမှ သိရပါတယ်။ အဆိုပါ မီးထွန်းပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာလ ၁၇ ရက်မှာ စတင်ကျင်းပသွားမှာ ဖြစ်ပြီး ပွဲတော်၌ တေးသီချင်းများဖြင့်ဖျော်ဖြေမှုများ၊ မြန်မာ့ရိုးရာ အစားအစာများဖြင့် စတုဒိသာကျွေးမွေး ဧည့်ခံမှုများ အပြင် အခြားအစီအစဉ်များဖြစ်တဲ့ ရိုးရာခြင်းလုံးခတ်ခြင်း၊ ဆင်အကနဲ့ တင်ဆက်ဖျော်ဖြေခြင်းများကိုလည်း ထည့်သွင်း ကျင်းပသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ပွဲတော်အတွင်း ကျုံးရေပြင်မှာ ဆီမီးမျှောတာ၊ မီးထွန်းတာ၊ မီးရှူးမီးပန်း ပစ်လွှတ်တာနဲ့ မီးပုံးပျံ လွှတ်တင်ပူဇော်တာတွေ ပြုလုပ်မှာဖြစ်ပြီး ပွဲတော်ကို ယခင်နှစ်ကထက် ပိုမိုကောင်းမွန်စွာ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မန္တလေးတိုင်းဒေသကြီး သီတင်းကျွတ်မီးထွန်းပွဲတော်ကိုတော့ မန္တလေးနန်းမြို့ရိုးနဲ့ ကျုံးရေပြင်အကြား ရတနာပုံဥယျာဉ် (၆၆ လမ်း၊ ၁၂ လမ်းနှင့် ၂၆ လမ်း)မှာ သီတင်းကျွတ်လပြည့်နေ့ညနှင့် လပြည့် ကျော် ၁ ရက်နေ့ညတို့မှာ ကျင်းပပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ဈေးရောင်းပွဲတော်ကို နံနက် ၈ နာရီမှ ည ၁၀ နာရီအထိ ဆိုင်ခန်းပေါင်း ၄၂၀ မှာ စက်မှုထုတ်ကုန်နှင့် ရေထွက်ကုန်ပစ္စည်းများကို ရောင်းချသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ထွက်ကုန်ပစ္စည်းများလည်း ပွဲတော်အတွင်း ပြသရောင်းချသွားမှာြဖစ်ပါတယ်။ ထို့ပြင် သီတင်းကျွတ် လပြည့်နေ့တွင် မီးရှူး၊ မီးပန်းများ ပစ်ဖောက်မည်ဖြစ်သောကြောင့် မည်သူမဆို ပျော်ရွှင်စွာ လာရောက်ဆင်နွှဲ နိုင်ကြောင်း အသိပေးထားပါတယ်။ (NVS 004)

14 Oct

ADVERTISE HERE .