လက်ရွေးစင်အသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့တဲ့ ဟာလန်း
13 Octနော်ဝေလက်ရွေးစင်တိုက်စစ်မှူး အာလင်းဟာလန်း ဟာ ဆလိုဗေးနီးယားအသင်းနဲ့ပွဲမှာ နှစ်ဂိုးသွင်းယူ ပြီးနောက် လက်ရွေးစင်အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးကစားသမားအဖြစ် စံချိန်သစ်တင်ခဲ့ကြောင်း သိရပါတယ်။ အောက်တိုဘာလ ၁၀ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၂၄-၂၀၂၅ UEFA Nations League ပွဲစဉ်မှာ နော်ဝေ အသင်းက ဆလိုဗေးနီးယားအသင်းကို အိမ်ကွင်းတွင် ၃ ဂိုး၊ ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရပြီး ဟာလန်းက ၇ မိနစ်နဲ့ ၆၂ မိနစ်တို့မှာ နှစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ အဆိုပါပွဲမှာ အသင်းခေါင်းဆောင် မာတင်အော်ဒီဂတ် ဒဏ်ရာကြောင့် မပါဝင်နိုင်လို့ ဟာလန်း က အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခွင့်ရခဲ့ပြီး ဂိုးအများဆုံးစံချိန်ကိုပါ ရယူနိုင်ခဲ့ တာဖြစ်ပါတယ်။ ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟာလန်း အနေနဲ့ ၂၀၁၉ ခုနှစ်မှာ နော်ဝေလက်ရွေးစင်အဖြစ် စတင်ကစားခွင့် ရခဲ့ပြီး ၃၆ ပွဲကစား၊ ၃၄ ဂိုးသွင်းယူကာ ဂိုးအများဆုံးသွင်းယူထားနိုင်ခဲ့တဲ့ စံချိန်မှတ်တမ်းကိုပါ ရေးထိုး နိုင်ခဲ့ပြီဖြစ်ပါတယ်။ ၁၉၂၈ မှ ၁၉၃၇ ခုနှစ်အတွင်း ၄၅ ပွဲကစား၊ ၃၃ ဂိုးသွင်းယူနိုင်ခဲ့တဲ့ နော်ဝေလက်ရွေးစင် အသင်းရဲ့ တိုက်စစ်မှူးဟောင်း ယော်ဂန်ယူဗန် ရဲ့စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။(NVS 008)