ရန်ကုန်-ပဲခူး ခရီးစဉ် DEMU ရထားစီးနင်းသူ ၁၀ ရက်တာအတွင်း တစ်သောင်းခွဲနီးပါးရှိ

12 Oct

ရန်ကုန်-ပဲခူး ခရီးစဉ်ကို DEMU တွဲဆိုင်းသစ်များဖြင့် စတင်ပြေးဆွဲတဲ့ အောက်တိုဘာလ ၂ ရက်မှ လက်ရှိ အချိန်ထိ ၁၀ ရက်တာအတွင်း ခရီးသည် ၁၄,၂၁၆ ယောက် လိုက်ပါစီးနင်းခဲ့တယ်လို့ မြန်မာ့မီးရထားက သိရပါတယ်။ ခရီးသည်စီးနင်းမှုအနေနဲ့ ပဲခူး-ရန်ကုန် ခရီးစဉ်မှာ နေ့စဉ်ပျမ်းမျှ ရထားစီးခရီးသည် ၈၀၀ လောက်နဲ့ ရန်ကုန်-ပဲခူး ခရီးစဉ်မှာ ပျမ်းမျှခရီးသည် ၇၀၀ ကျော် လိုက်ပါစီးနင်းနေတယ်လို့ ဆိုပါတယ်။ ခေတ်မီလေအေးပေးစက်ပါ DEMU ရထားတွဲဆိုင်းသစ်များအသုံးပြုပြီး ရန်ကုန်-ပဲခူး ခရီးစဉ်ကို ပဲခူးမြို့တွင်းနဲ့ ရန်ကုန်မြို့တွင်းကို ယာဉ်ကြောပိတ်ဆို့မှုမရှိဘဲ အချိန်တိုအတွင်း ရောက်ရှိစေတာကြောင့် ရထားစီးခရီးသည်များ လိုက်ပါစီးနင်းမှု များပြားနေခြင်းဖြစ်ကြောင်း သိရပါတယ်။ DEMU ရထားက ရန်ကုန်ဘူတာကြီးမှ ညနေ ၄ နာရီ ၄၅ မိနစ်မှာထွက်ခွာပြီး ပဲခူးဘူတာသို့ ည ၇ နာရီ ၁၅ မိနစ်တွင် ရောက်ရှိမှာဖြစ်သလို ပဲခူးဘူတာမှ မနက် ၆ နာရီမှာ ထွက်ခွာကာ ရန်ကုန်ဘူတာကြီးသို့ မနက် ၈ နာရီ မိနစ်၂၀ မှာ ရောက်ရှိမှာဖြစ်ပါတယ်။ ရထားလက်မှတ်ခနှုန်းထားတွေက ရန်ကုန်ဘူတာကြီးကနေ ဒါးပိန်ဘူတာအထိ ခရီးတစ်ဝက်ကို ၁,၃၀၀ ကျပ်၊ ခရီးစဉ်အစမှအဆုံးထိဆိုရင် ၂,၅၀၀ ကျပ် သတ်မှတ်ထားပြီး ကြားဘူတာ ၁၂ ဘူတာမှာ ရပ်တန့်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။(NVS 003)

12 Oct

ADVERTISE HERE .