“မျိုးဆက်သစ်များကို ယုံကြည်တယ်လို့ဆိုတဲ့ တီဒက်စ်ကို”
11 Octဘယ်လ်ဂျီယံလက်ရွေးစင်အသင်းရဲ့ မျိုးဆက်သစ် လူငယ်ကစားသမားတွေအပေါ် ယုံကြည်မှုအပြည့် ရှိတယ်လို့ နည်းပြ တီဒက်စ်ကို က အောက်တိုဘာလ ၉ ရက်က ပြောကြားလိုက်ပါတယ်။ ဘယ်လ်ဂျီယံအသင်းဟာ အခုတစ်ပတ်ထဲကစားရမယ့် နေးရှင်းလိဂ်ပွဲစဉ်တွေအတွက် ကစားသမား ရွေးချယ်ရာမှာ နာမည်ကြီးတွေဖြစ်တဲ့ အသင်းခေါင်းဆောင် ဒီဘရိုင်း နဲ့ တိုက်စစ်မှူး လူကာကူ တို့ကို ဒဏ်ရာပြဿနာတွေကြောင့် ချန်လှပ်ထားခဲ့ရပြီး နည်းပြ တီဒက်စ်ကို ဟာ လက်ရွေးစင်အသင်းအတွက် တစ်ပွဲမှ မကစားရသေးတဲ့ ကစားသမား ၅ ဦးအထိ ရွေးချယ်ထားခဲ့တာ ဖြစ်ပါတယ်။ မျက်နှာသစ်ကစားသမားတွေထဲမှာ အသက် ၁၉ နှစ်အရွယ် လိုင်ယွန်ကွင်းလယ်လူ ဖိုဖာနာနဲ့ အသက် ၂၀ အရွယ် ဂျန့်ခ်အသင်းနောက်ခံလူ စမက်စ်တို့ ပါဝင်ခဲ့သလို ဂိုးသမားသစ် ၂ ယောက်လည်း ပါဝင်ခဲ့ပါတယ်။ အခုရွေးချယ်ထားတဲ့ မျိုးဆက်သစ်ကစားသမားတွေဟာ သက်ဆိုင်ရာကလပ်အသင်းတွေမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသထားသူတွေဖြစ်တာကြောင့် သူတို့ရဲ့ ခြေစွမ်းတွေအပေါ် ယုံကြည်မှု အပြည့်ရှိတယ်လို့ နည်းပြ တီဒက်စ်ကို က ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ (NVS 008)