“စည်းကြပ်ဒိုင်ထားရှိတဲ့စနစ်ကို ပယ်ဖျက်ဖို့ဆုံးဖြတ်ခဲ့တဲ့ ဝင်ဘယ်ဒန်ပြိုင်ပွဲ”
11 Octတင်းနစ်ပြိုင်ပွဲတွေမှာ ပုံမှန်မြင်တွေ့ရလေ့ရှိတဲ့ စည်းကြပ်ဒိုင်ထားရှိတဲ့စနစ်ကို လာမယ့်နှစ်ပြိုင်ပွဲကနေ စတင်ပြီး ပယ်ဖျက်သွားမှာဖြစ်တယ်လို့ ဝင်ဘယ်ဒန်ပြိုင်ပွဲ ကျင်းပရေးအဖွဲ့က အောက်တိုဘာလ ၉ ရက်မှာ အတည်ပြု လိုက်ပါတယ်။ စည်းကြပ်ဒိုင်တွေရဲ့နေရာမှာ ပိုမိုတိကျတဲ့ လျှပ်စစ်လိုင်းနည်းပညာကို အသုံးပြုသွားမှာ ဖြစ်တာကြောင့် အခုလိုမျိုး ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ တင်းနစ်ကွင်းရဲ့ နောက်ဘက်မှာ ရပ်နေတဲ့ စည်းကြပ်ဒိုင်တွေကို ဂရင်းစလမ်ပြိုင်ပွဲတွေမှာ ၁၄၇ နှစ်ကြာ အောင် အသုံးပြုလာခဲ့တာ ဖြစ်ပါတယ်။ လျှပ်စစ်လိုင်းနည်းပညာ ကို ၂၀၁၇ ခုနှစ်က မီလန်မှာ ကျင်းပတဲ့ မျိုးဆက်သစ် အေတီပီဖိုင်နယ်မှာ စတင်စမ်းသပ်အသုံးပြုခဲ့ပြီး လာမယ့် ၂၀၂၅ ကစတင်ကာ အေတီပီတိုးပြိုင်ပွဲတွေမှာ အသုံးပြုသွားမယ်လို့ သိရပါတယ်။ ဩစတြေးလျ အိုးပင်းနဲ့ ယူအက်စ်အိုးပင်းပြိုင်ပွဲတွေမှာလည်း လျှပ်စစ်လိုင်းနည်းပညာကို စတင်သုံးစွဲနေပြီ ဖြစ်လို့ ဂရင်းစလမ်ပြိုင်ပွဲတွေအနက် လူသားစည်းကြပ်ဒိုင်ရဲ့အဆုံးအဖြတ်ကို ရယူတဲ့ ပြိုင်ပွဲအနေနဲ့ ပြင်သစ်အိုးပင်း ပြိုင်ပွဲတစ်ခုသာ ကျန်ရှိတော့မှာ ဖြစ်ပါတယ်။ လာမယ့်နှစ် ဝင်ဘယ်ဒန်ပြိုင်ပွဲရဲ့ လက်ရည်စစ်ပွဲတွေကနေစပြီး လျှပ်စစ်လိုင်းနည်းပညာကို စတင်သုံးစွဲမှာ ဖြစ်တယ်လို့ ပြိုင်ပွဲကျင်းပရေးအဖွဲ့ရဲ့ ကြေညာချက်မှာ ရေးထားပါတယ်။ (NVS 008)