“တွံ့တေးရွှေဆံတော်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ၈ ရက်ကြာ ကျင်းပသွားမည်”

11 Oct

ရန်ကုန်တိုင်းဒေသကြီး တွံ့တေးမြို့ရှိ ရှေးဟောင်းသမိုင်း ဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယ ပွဲတော်ကို အောက်တိုဘာလ ၁၂ ရက်မှစတင်ကာ ၈ ရက်ကြာကျင်းပသွားမယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၁၇ ရက်(သီတင်းကျွတ်လပြည့်အဘိဓမ္မာအခါတော်နေ့) မွန်းတည့် ၁၂ နာရီမှာ တွံ့တေးမြို့ရှိ ဘုန်းတော်ကြီးကျောင်း ၇၅ ကျောင်းမှ ဆရာတော်/သံဃာတော်များကို စေတီတော်မြတ်ကြီး အောက်ခြေပတ်လမ်းမှာ ဆွမ်းဆန်တော်များလောင်းလှူပူဇော်သွားမှာ ဖြစ်ပါတယ်။ အဘိဓမ္မာအခါတော်နေ့အထိမ်းအမှတ်အဖြစ် အောက်တိုဘာလ ၁၇ ရက်(သီတင်းကျွတ်လပြည့်နေ့) နံနက် ၉ နာရီမှာ စေတီတော်မြတ်ကြီးရဲ့ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက ဦးဆောင်ပြီး ဆရာတော်ကြီးများထံမှ သီလခံယူခြင်းနှင့် အမျှပေးဝေခြင်းများပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဗုဒ္ဓပူဇနိယပွဲတော်ကာလအတွင်း ဓမ္မာပူဇာအဖြစ် အဘိဓမ္မာ ၇ ကျမ်းရွတ်ဖတ်ပူဇော်ခြင်း၊ ဗုဒ္ဓပူဇာ အဖြစ် စေတီတော်မြတ်ကြီးရဲ့ အာရုံခံတန်ဆောင်းများအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များကို သတ်မှတ်နေရာအလိုက် ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းခြင်းများ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ (NVS 003)

11 Oct

ADVERTISE HERE .