“သီတင်းကျွတ်ခရီးသွားရာသီအတွက် ပုဂံယဉ်ကျေးမှုဒေသရှိဟိုတယ်နှင့် တည်းခိုခန်းများ ဘိုကင်မှာယူမှုဖြင့် အခန်း များပြည့်နေ”

10 Oct

လာမည့်သီတင်းကျွတ်ကာလ ခရီးသွားရာသီအတွက် ပုဂံယဉ်ကျေးမှုဒေသရှိ ဟိုတယ်နှင့်တည်းခိုခန်းများ အားလုံးအခန်း ဘိုကင်မှာယူမှုဖြင့် အခန်းများပြည့်နေကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။ ခရီးသွားရာသီများအလိုက် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ခရီးသွားများ ပိုမိုဝင်ရောက်လေ့ရှိပြီး ယခုနှစ်မှာ လည်း သီတင်းကျွတ်လပြည့်နေ့အပါအဝင် အဖိတ်နေ့နှင့် လပြည့်ကျော် ၁ ရက်မှာ လာရောက်လည်ပတ်ကြမည့် ခရီးသွားများနှင့် ဆီမီးပူဇော်ကုသိုလ်ယူကြမည့် ဘုရားဖူးများ၏ ကြိုတင်မှာယူမှုများဖြင့် ဟိုတယ်နှင့်တည်းခိုခန်းများတွင် အခန်းများပြည့်နေခြင်းဖြစ်ကြောင်း သိရပါတယ်။ ပုဂံယဉ်ကျေးမှုနယ်မြေတွင် ပြည်တွင်း/ပြည်ပခရီးသွားများ တည်းခိုနိုင်ရန်အတွက် လိုင်စင်ရဟိုတယ်နှင့် တည်းခို ခန်းပေါင်း ၁၅၃ လုံးရှိပြီး အားလုံးတွင် ကြိုတင်မှာယူမှုဖြင့် အခန်းများပြည့်နေကြောင်းလည်းသိရပါတယ်။ ပုဂံဒေသက အေးချမ်းသည့်ဒေသဖြစ်သလို ခရီးသွားလုပ်ငန်းဖြင့်ရှင်သန်ရသည့်‌ ဒေသဖြစ်တဲ့အတွက် ခရီးသွားများ ပိုမိုဝင်ရောက်မှုဟာ ဒေသခံများ၏ အလုပ်အကိုင်အခွင့်အလမ်းများကို ပိုမိုပွင့်လန်းစေမည်ဖြစ်ကြောင်း၊ ယခုနှစ် အတွက်လည်း ခရီးသွားများကို အကောင်းဆုံးဝန်ဆောင်မှုနှင့်အတူ ဝန်ဆောင်မှုကောင်းများ ပေးနိုင်ရေးအတွက်ကိုလည်း ပြင်ဆင်လျက်ရှိကြောင်းသိရပါတယ်။ ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသတွင် ဘုရား၊စေတီပေါင်း ၃,၈၃၇ ဆူရှိ၍ သီတင်းကျွတ်လပြည့်နေ့၌ ဒေသခံများ က ရွှေစည်းခုံစေတီတော်မြတ်နှင့် ကျေးရွာအလိုက် စေတီငယ်တို့တွင် ဆီမီးများပူဇော်လေ့ရှိကြကာ ခရီးသွားများကတော့ အထင်ကရနေရာများဖြစ်သည့် ရွှေစည်းခုံ၊ ထီးလိုမင်းလို၊ အလိုတော်ပြည့်၊ အာနန္ဒာ၊ စူဋ္ဌာမဏိ၊ ဓမ္မရံကြီး၊ ရွှေဆံတော်၊ သဗ္ဗညု၊ ကန်တော့ပလ္လင်၊ ဗူးဘုရား၊ မနူဟာစေတီတော်၊ မြစေတီ၊ လောကနန္ဒာနှင့် ဓမ္မရာဇိက စေတီတော်များသို့ အများဆုံးသွားရောက်ဖူးမြော်ကြပြီး နံနက်ပိုင်း ဆွမ်းကပ်လှူခြင်းနှင့် ညပိုင်း ဆီမီးပူဇော်ခြင်းတို့ဖြင့် ကုသိုလ်ယူကြကာ အထူးစည်ကားလေ့ရှိကြောင်းလည်း သိရပါတယ်။ (NVS 004)

10 Oct

ADVERTISE HERE .