“တန်ခိုးကြီးဘုရားများနှင့် အထင်ကရနေရာများကို ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်”

10 Oct

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်အတွင်းရှိ တန်ခိုးကြီးဘုရားများနှင့် အထင်ကရနေရာများကို ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမယ်လို့ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရပါတယ်။ မင်းဘူး(စကု)မြို့နယ်တွင် စေတီပုထိုးပေါင်း ၁၆၈ ဆူရှိပြီး၊ အရံစေတီ ၂၀၀ ကျော်ရှိကာ လေ့လာလည်ပတ်စရာ သမိုင်းအမွေအနှစ်အဖြစ် ထင်ကျန်နေတဲ့ နေရာများစွာရှိနေခြင်းကြောင့် ကမ္ဘာလှည့်ခရီးသွားများက ဒုတိယပုဂံဟု တင်စားခေါ်ဝေါ်ကြတဲ့အထိ စိတ်ဝင်စားမှုများစွာရရှိခဲ့ပါတယ်။ ဒါကြောင့် ပွင့်လင်းရာသီအမီ တန်ခိုးကြီးဘုရားများနှင့် အထင်ကရနေရာများသို့ အနယ်နယ်အရပ်ရပ်မှ ခရီးသွား ပြည်သူများစွာ လာရောက်လည်ပတ်တော့မှာဖြစ်လို့ တည်ဆောက်ပြုပြင်ခြင်းလုပ်ငန်းများကို အဆင့်မြှင့်တင်ကာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ မကြာမီမှာတော့ ရှင်မင်းဘူးဘုရား ပရိဝုဏ်အတွင်းမှ စဓဗဝဘုရားပြုပြင်ခြင်း၊ နဂါးပွက်တောင်အဝင်လမ်း ကွန်ကရစ် လမ်းခင်းခြင်းနှင့် စက္ကိန်းတဲဘုရား အတက်လမ်းနှင့် အဆင်းလမ်းများလည်း နိုင်လွန်ကတ္တရာလမ်းခင်းခြင်းများ ဆောင်ရွက်တော့မှာဖြစ်ပါတယ်။ ဒါ့အပြင် မန်းရွှေစက်တော်ဘုရားပွဲတော်ရာသီလည်း ရောက်လာတော့မည်ဖြစ်ရာ ခရီးသွားပြည်သူများ စိတ်ဝင်စားတဲ့ ရွှေစက်တော်ဘုရား၊ ဆင်စခန်းနှင့် ဘေးမဲ့တောဥယျာဉ်မှ ရွှေသမင်ခြံ၊ ကြယ်လိပ်ခြံ များလည်း အဆင့်မြှင့်တင်ကာ တိုးချဲ့ပြင်ဆင်ဖွင့်လှစ်ထားပါက စိတ်ဝင်စားမှုကို မြင့်တက်စေပြီး ပြည်တွင်းပြည်ပမှ ခရီးသွားဝင်ရောက်မှု ပိုမိုများပြားလာနိုင်ကြောင်းသိရပါတယ်။ (NVS 004)

10 Oct

ADVERTISE HERE .