“ဂျွန်ဒူရန် ကို စာချုပ်သက်တမ်းတိုးခဲ့တဲ့ အက်စတွန်ဗီလာအသင်း”
09 Octအက်စတွန်ဗီလာအသင်းဟာ အခုဘောလုံးရာသီမှာ အသင်းအတွက် ခြေစွမ်းပြကစားနေတဲ့ လူငယ် တိုက်စစ်မှူး ဂျွန်ဒူရန် ကို ၂၀၃၀ ပြည့်နှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်သစ်ကို ချုပ်ဆိုနိုင်ခဲ့ပြီလို့ အောက်တိုဘာလ ၇ ရက်က တရားဝင်ကြေညာခဲ့ပါတယ်။ ဂျွန်ဒူရန် ဟာ အခုမှအသက် ၂၀ အရွယ်သာ ရှိသေးပေမယ့် အက်စတွန်ဗီလာ အသင်းအတွက် အခုဘောလုံးရာသီမှာ ခြေစွမ်းပြနေသလို ကစားခဲ့တဲ့ပွဲစဉ်တွေမှာ သွင်းဂိုးတွေကို သွင်းယူပေး နေခဲ့တာ ဖြစ်ပါတယ်။ ဂျွန်ဒူရန် ဟာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီအပြောင်းအရွှေ့မှာမှ မေဂျာလိဂ်ကလပ် ချီကာဂိုဖိုင်းယားအသင်းကနေ အက်စတွန်ဗီလာအသင်းကို ၅ နှစ်ခွဲစာချုပ်နဲ့ ရောက်လာခဲ့တာဖြစ်ပြီး အသင်းနဲ့စာချုပ်သက်တမ်းက ၂၀၂၈ ခုနှစ်အထိ ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။ ဗီလာအသင်းက ဂျွန်ဒူရန် ကို ၂၀၃၀ ပြည့်နှစ်အထိ အသင်းမှာဆက်ရှိစေချင်တာ ကြောင့် အခုလိုသက်တမ်းတိုး စာချုပ်ကို ထပ်မံချုပ်ဆိုခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဂျွန်ဒူရန် ဟာ ဘိုင်ယန်မြူးနစ် အသင်းနဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူခဲ့ပြီးနောက် အခုဘောလုံးရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး ၆ ဂိုး ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ (NVS 008)