“ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် လေ့ကျင့်မှုတွေ ပြုလုပ်နေတဲ့ အာဂျင်တီးနားအသင်း”
09 Octကစားသမားအများစု ဒဏ်ရာပြဿနာရှိနေတဲ့ အာဂျင်တီးနားအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အတွက် ပြင်ဆင်မှုတွေကို အောက်တိုဘာလ ၇ ရက်က စတင်ခဲ့ပါတယ်။ ဗင်နီးဇွဲလားအသင်းနဲ့ ကစားရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် အာဂျင်တီးနားအသင်းဟာ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်း လေ့ကျင့်ရေး ကွင်းမှာ လေ့ကျင့်ပြင်ဆင်မှုတွေကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ရမှတ် ၁၈ မှတ်နဲ့ ထိပ်ဆုံးက ဦးဆောင်နေတဲ့ အာဂျင်တီးနားအသင်းဟာ လာမယ့် ကြာသပတေးနေ့မှာ ဗင်နီဇွဲလားအသင်းနဲ့ ကစားရမှာဖြစ်ပြီးနောက် ၅ ရက်အကြာမှာ ဘိုလီးဗီးယားအသင်းနဲ့ ဗြူနိုအေးရီးစ်မြို့မှာ ကစားရမယ်လို့ သိရပါတယ်။ အာဂျင်တီးနားအသင်းလူစာရင်းကနေ တောင်ပံတိုက်စစ်မှူး ဂါနာချိုနဲ့ နောက်ခံလူ အကူနာတို့ နုတ်ထွက်ခဲ့ကြသလို ပြီးခဲ့တဲ့ တစ်ပတ်ကလည်း တိုက်စစ်မှူး ဒိုင်ဘာလာ နဲ့ တောင်ပံကစားသမား ဂွန်ဇာလက်ဇ် တို့ဟာ ဒဏ်ရာပြဿနာတွေကြောင့် လက်ရွေးစင်အသင်းလူစာရင်းကနေ ချန်လှပ်ထားခဲ့ရပါတယ်။ အာဂျင်တီးနား အသင်းရဲ့ ဦးစားပေးဂိုးသမား မာတီနက်ဇ် ကလည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် လာမယ့် ပွဲစဉ် ၂ ပွဲကို လွဲချော်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အသင်းခေါင်းဆောင် မက်ဆီ ကတော့ အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းခဲ့ပြီး လာမယ့် ခြေစစ်ပွဲစဉ်တွေမှာ ပါဝင်ကစားနိုင်ဖွယ် ရှိနေပါတယ်။ (NVS 008)