“ရန်ကုန်မြို့အတွင်းရှိ ဆီဆိုင်ကြီးများမှာ စက်သုံးဆီဝယ်ယူခွင့်ကတ်ပြား(စမတ်ကတ်)နဲ့ စမ်းသပ်ဝယ်ယူ အသုံးပြုနိုင်ရန် စီစဉ်လျက်ရှိ”

08 Oct

စက်သုံးဆီဝယ်ယူခွင့်ကတ်ပြား(စမတ်ကတ်)နဲ့ စက်သုံးဆီဝယ်ယူရန် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆီဆိုင်ကြီးများတွင် ကနဦးစမ်းသပ်အသုံးပြုရန် စီစဉ်လျက်ရှိတယ်လို့ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်း (MPTA)ကနေ သိရပါတယ်။ စက်သုံးဆီဝယ်ယူခွင့်ကတ်ပြားဟာ ဆီဝယ်ယူချိန်မှာ ကားနံပါတ်၊ ယာဉ်အမျိုးစားနဲ့ ဝယ်ယူတဲ့ ဆီအမျိုးအစား တွေကို အချက်အလက်ကောက်ယူနိုင်မယ့် ကတ်အမျိုးအစားဖြစ်ပြီး တစ်ရက်ကို တစ်ကြိမ်သာ အကန့်အသတ်နဲ့ ဆီဝယ်ယူဖို့ ဆောင်ရွက်ခြင်းမျိုးမဟုတ်ကြောင်းလည်း MPTA မှ သိရပါတယ်။ အဆိုပါ စက်သုံးဆီ ဝယ်ယူခွင့်ကတ်ကို Digital Smart Card နှင့် Physical Smart Card ဟူ၍ နှစ်မျိုးခွဲခြားထားကာ ကနဦးအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကွန်ပျူတာဖြင့် ရောင်းချသည့် ဆိုင်များတွင် စမ်းသပ်ဆောင်ရွက်မှာဖြစ်ပြီး တွေ့ကြုံရတဲ့ အခက်အခဲပြဿနာတွေကို ဖြေရှင်းပြီးပါက ရန်ကုန်တိုင်းဒေသကြီး တစ်ခုလုံး တိုးချဲ့သွားမှာဖြစ်သလို နေပြည်တော်၊ မန္တလေးမြို့တွေမှာ ဆက်လက် စမ်းသပ်အသုံးပြုကာ ကာလတစ်ခု ကြာပါက တစ်နိုင်ငံလုံးလွှမ်းခြုံ၍ အသုံးပြုနိုင်ဖို့ စီစဉ်ထားတယ်လို့လည်း MPTA မှ သိရပါတယ်။ ယခုအစီအစဉ်ဟာ စက်သုံးဆီများကို တရားမဝင် ဈေးကွက်များသို့ ဆီဆိုင်များမှ ပြန်လည်ရောင်းချတာကို ထိန်းချုပ်နိုင်မှာဖြစ်ပြီး အမှန်တကယ်အသုံးပြုသူများကိုသာ ရောင်းချပေးဖို့ ယခုလိုစမတ်ကတ်အစီအစဉ်ကို ဆောင်ရွက်တာဖြစ်တယ်လို့လည်း သိရပါတယ်။ လက်ရှိ ဆီရောင်းချပေးမှုမှာ နှစ်ပိုင်းရှိပြီး တစ်ပိုင်းမှာ ယာဉ်၊ ယန္တရားတွေကို ရောင်းချပေးခြင်းနှင့် နောက်တစ်ပိုင်းမှာ အိမ်သုံး၊ လုပ်ငန်းသုံး၊ စာသင်ကျောင်းနှင့် ဆေးရုံများရှိ မီးစက်များအတွက် လိုအပ်တဲ့ စက်သုံး ဆီများကို ရောင်းချပေးရတာရှိသလို အခြေခံပြည်သူများအတွက် ဝန်ဆောင်မှုများပေးရတဲ့ တုတ်တုတ်ဆိုင်ကယ်၊ မော်တော်ဆိုင်ကယ်များ၊ နယ်မြို့တွင်ဆိုပါက စက်လှေ၊ မော်တော် အစရှိတဲ့ ယာဉ်များအတွက် ရောင်းချပေးရ ခြင်းများရှိတဲ့အတွက် အမှန်တကယ် ဆီကိုလိုအပ်တဲ့သူတွေကို ရောင်းချပေးဖို့ ဦးတည်ထားသလို စမတ်ကတ်ကို စက်သုံးဆီဆိုင်တွေမှာ ဆီလာဝယ်တဲ့သူတိုင်းကို ထုတ်ပေးဖို့ ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။ လက်ရှိမှာ စက်သုံးဆီဆိုင်တွေရဲ့ ရောင်းချနေမှုတွေကို ကွန်ပျူတာနဲ့ မှတ်တမ်းတင်ပြီး စာရင်းပေးပို့ကာ ဆောင်ရွက်နေကြပေမယ့် အဆိုပါဆောင်ရွက်မှုအတွင်း ကားနံပါတ်များကို စိတ်ကြိုက်စာရင်းသွင်းနိုင်တဲ့ ပုံစံမျိုးတွေ လုပ်ဆောင်နိုင်တဲ့အတွက် ယင်းဖြစ်ရပ်များကို ထိန်းသိမ်းနိုင်ဖို့ ယခုလို သုံးစွဲသူများက မိမိတို့ရဲ့ ဆီဝယ်ယူခွင့်ကတ်ဖြင့် ဝယ်ယူကြောင်း အသိအမှတ်ပြုတဲ့ စနစ်ကို ဆောင်ရွက်ခြင်းဖြစ်လို့ ဆီဆိုင်တွေကိုလည်း တရားမဝင် ဈေးကွက်သို့ ရောင်းချခြင်းအား ထိန်းချုပ်ရန် ရည်ရွယ်ဆောင်ရွက်တာဖြစ်တယ်လို့လည်း MPTA တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ ပါတယ်။ (NVS 003)

08 Oct

ADVERTISE HERE .