“ချင်းတွင်းမြစ်ကူးတံတား(ထမံသီ)ကို ၂၀၂၅ ခုနှစ် မေလကုန်တွင် အပြီးတည်ဆောက်မည်”

07 Oct

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း တည်ဆောက်လျက်ရှိနေတဲ့ ချင်းတွင်းမြစ်ကူးတံတား(ထမံသီ) တည်ဆောက်မှုလုပ်ငန်းများ ၆၆ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်တာကြောင့် ၂၀၂၅ ခုနှစ်၊ မေလကုန်တွင် လုပ်ငန်းအားလုံး ရာနှုန်းပြည့်ပြီးစီးစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊တံတားဦးစီးဌာန တည်ဆောက် ရေးအဖွဲ့(၂)မှ သိရပါတယ်။ အဆိုပါ ချင်းတွင်းမြစ်ကူးတံတား(ထမံသီ)ကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေး အဖွဲ့(၂)မှ ကြီးမှူးပြီး ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်တွင် စတင်တည်ဆောက်ခဲ့ကာ ချင်းတွင်းမြစ်ကိုဖြတ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ ထမံသီရွာနှင့် ပင်းမရွာတို့ကို ဆက်သွယ်တည်ဆောက်နေခြင်း ဖြစ်ပါတယ်။ ချင်းတွင်းမြစ်ကူးတံတား(ထမံသီ) တည်ဆောက်ရေးစီမံကိန်းကို စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသရှိ တိုင်းရင်းသားလူမျိုးများ၊ ဟုမ္မလင်းမြို့နယ်နှင့် ခန္တီးမြို့နယ်ရှိ ဒေသခံပြည်သူများ ကူးသန်းသွားလာမှုနှင့် ကုန်စည်စီးဆင်းမှု လွယ်ကူအဆင်ပြေစေရေးအတွက် ရည်ရွယ်ကာဆောင်ရွက်ခြင်းဖြစ်ပါတယ်။ လက်ရှိမှာ ဒေသခံပြည်သူများသည် ထမံသီရွာနှင့် ပင်းမရွာကြား ကူးတို့ဖြင့် ကူးသန်းသွားလာနေရပြီး မော်တော် ယာဉ်များကိုလည်း ဇက်ရေယာဉ်ဖြင့်တင်ဆောင်ကာ သွားလာနေရကြောင်း၊ ထိုတံတားကြီး တည်ဆောက်ပြီးစီးပါက ထမံသီ-လေရှီး-ပန်ဆပ်-ဆွမ္မရာလမ်းပေါ်ရှိ ကျေးရွာများနှင့် ဟုမ္မလင်း၊ ခန္တီးဒေသရှိ ပြည်သူများအနေဖြင့် တံတားပေါ်မှ လွယ်ကူလျင်မြန်စွာ သွားလာနိုင်မှာဖြစ်တာကြောင့် ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေး ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေရန် များစွာအထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။ (NVS-004)

07 Oct

ADVERTISE HERE .