“၂၃၀ ကေဗွီ ရွှေမြို့-နေပြည်တော် (၂) ဓာတ်အားလိုင်းရှိ တာဝါတိုင်များအား အောက်တိုဘာလ ဒုတိယပတ်အတွင်း ပြီးစီးနိုင်အောင် လုပ်ဆောင်နေ”

07 Oct

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ၂၃၀ ကေဗွီ ရွှေမြို့-နေပြည်တော် (၂) ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေတဲ့ စီမံကိန်းလုပ်ငန်းခွင်သို့ အောက်တိုဘာလ ၅ ရက် က ရောက်ရှိပြီး ဖောင်ဒေးရှင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ တာဝါတိုင်များ စိုက်ထူနိုင်ရန် တာဝါသံဘောင်များ တပ်ဆင်တည်ဆောက်နေမှုနှင့် ဓာတ်အားလိုင်း ကြိုးဆွဲခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးရေလျှံမှုကြောင့် ၂၃၀ ကေဗွီ ရွှေမြို့ - နေပြည်တော် (၂) ဓာတ်အားလိုင်းရှိ တာဝါတိုင် ၄ တိုင်နှင့် ၂၃၀ ကေဗွီ သာစည်-ရွှေမြို့ ဓာတ်အားလိုင်းရှိ တာဝါတိုင် ၅ တိုင် ပြိုလဲပျက်စီးခဲ့ရတာ ဖြစ်ပါတယ်။ အဆိုပါ ၂၃၀ ကေဗွီ ရွှေမြို့-နေပြည်တော်(၂) ဓာတ်အားလိုင်းရှိ တာဝါတိုင်များ ပြန်လည်ပြုပြင်ခြင်း၊ ဓာတ်အားလိုင်းအူကြောင်း ပြောင်းလဲတည်ဆောက်ခြင်းများကို ကြိုးစားဆောင်ရွက်လျက်ရှိရာ လာမယ့် အောက်တိုဘာလ ဒုတိယပတ်အတွင်း ပြီးစီးနိုင်ရေးနှင့် ဓာတ်အားအမြန်ပို့လွှတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။ အခုလိုပြိုလဲပျက်စီးခဲ့ရာ ပြန်လည်ပြုပြင် တည်ဆောက်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက် လျက်ရှိရာ ၂၃၀ ကေဗွီ သာစည်-ရွှေမြို့ ဓာတ်အားလိုင်းရှိ တာဝါတိုင်များကို တည်ဆောက်ပြီးစီးပြီဖြစ်တာကြောင့် ဓာတ်အား ပြန်လည် ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ (NVS 003)

07 Oct

ADVERTISE HERE .