“ကျောက်ဖြူမြို့နယ်ရှိ ဝက်အင်းနဂါးရွှံ့မီးတောင်ပေါက်ကွဲမှုကြောင့် ရွှံ့ချော်ရည်များ လွင့်စင်ပေါက်ထွက်”

07 Oct

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံကျေးရွာအနီးရှိ ဝက်အင်းနဂါးရွှံ့မီးတောင်ဟာ အောက်တိုဘာလ ၅ ရက် နံနက် ၁၁ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ရွှံ့ရည်ပူများလွင့်စင်ပေါက်ထွက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါဝက်အင်းနဂါးရွှံ့မီးတောင်ဟာ မီးတောင် ၄ ခုပါ မီးတောင်အုပ်စုဖြစ်ပြီး ယခု ပေါက်ကွဲမှုဖြစ်ပွားခဲ့သော မီးတောင်မှာ မြောက်ဘက်အစွန်ဆုံးမှမီးတောင်ဖြစ်ကာ နာရီဝက်ကြာပေါက်ကွဲကာ အမြင့် ၁၀ ပေခန့်အထိ ရွှံ့ရည်ပူများ လွင့်စင်ပေါက်ထွက်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ရွှံ့ချော်ရည်ပူများက မီးတောင်ဘေးပတ်လည် ပေ ၃၀၀ ခန့် ကိုဖုံးလွှမ်းခဲ့ပေမယ့် လူ၊ တိရစ္ဆာန်နှင့် လယ်ယာမြေစိုက်ခင်းများ ပျက်စီးဆုံးရှုံးမှုမရှိခဲ့ဘူးလို့ သိရပါတယ်။ အဆိုပါကျေးရွာအနီးမှာ ဝက်အင်းနဂါးရွှံ့မီး တောင်အုပ်စု၊ ပန်းရှည်နဂါးရွှံ့မီးတောင်အုပ်စုနှင့် သပြေတောနဂါးရွှံ့မီးတောင်အုပ်စုတို့ရှိပြီး ပန်းရှည်နဂါးရွှံ့ မီးတောင် အုပ်စုနှင့် ဝက်အင်းနဂါးရွှံ့ မီးတောင်အုပ်စုတို့မှာ အများဆုံးပေါက်ကွဲလေ့ရှိတယ်လို့ သိရပါတယ်။ ရွှံ့မီးတောင်များ၏အမြင့်မှာ ပင်လယ်ရေမျက်နှာပြင်အထက် ၅၀ မီတာမှ ၆၀ မီတာခန့်အထိရှိပြီး မီးတောင် ပေါက်ကွဲရန်ပံ့ပိုးပေးတဲ့ ကုန်းမြေထုလှုပ်ရှားမှုနှင့် မြေအောက်ဓာတ်ငွေ့များစုစည်းကာ ပေါက်ကွဲခဲ့ခြင်းဖြစ်ကာ ယခုပေါက်ကွဲခဲ့တဲ့ ဝက်အင်းနဂါးရွှံ့မီးတောင်က ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်မှာ နောက်ဆုံးအကြိမ် ပေါက်ကွဲခဲ့ပြီး ၂၀၁၆ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ၆ ကြိမ်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။(NVS 003)

07 Oct

ADVERTISE HERE .