“ဆေးတက္ကသိုလ်ကျောင်းသား/သူ ၅၀၀ ခန့်ကို အဆောင်စီစဉ်ပေးနိုင်မယ့် မြသီလာကျောင်းဆောင်သစ် ဖွင့်လှစ်ပေး”

07 Oct

ဆေးတက္ကသိုလ် ကျောင်းသား/ ကျောင်းသူ ၅၀၀ ခန့်ကို စာသင်ကြားစဉ်နေထိုင်ရန် အဆောင်စီစဉ် ပေးနိုင်မယ့် ဆေးတက္ကသိုလ်(၂)ရန်ကုန်၊ မြသီလာကျောင်းဆောင်သစ်ကို ဖွင့်လှစ်ပေးလိုက်ပြီဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်။ အဆိုပါ ဆေးတက္ကသိုလ်(၂) ရန်ကုန်ရှိ မြသီလာကျောင်းသားကျောင်းသူဆောင် ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၅ ရက်က ကျောင်းဆောင်ရှေ့မှာ ကျင်းပခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆေးတက္ကသိုလ်နှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ တာဝန်ရှိသူများ၊ အငြိမ်းစားပါမောက္ခချုပ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက် ခဲ့ကြပါတယ်။ ဆေးတက္ကသိုလ်(၂)ရန်ကုန်၊ မြသီလာကျောင်းသားကျောင်းသူ(၆-ထပ်ဆောင်) အဆောက်အဦမှာ ယူပုံစံ (U Shape) ဖြစ်ပြီး စတုရန်းပေ (၈၁၉၀၀) ကျယ်ဝန်းပြီး ကျောင်းသား/ကျောင်းသူ ၅၀၀ ကို အဆောင်စီစဉ်ပေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ထို့နောက် Z&Y ကုမ္ပဏီလီမိတက်မှ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ထံ မြသီလာကျောင်းသားကျောင်းသူ(၆-ထပ်ဆောင်) အဆောက်အဦ ပြီးစီးမှု မှတ်တမ်းကို လွှဲအပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆေးတက္ကသိုလ်(၂) ရန်ကုန်တွင် ဘက်စုံအသုံးပြုနိုင်ရန် အလှူငွေ ကျပ်သိန်း ၁၀၀ ကို ဆေးတက္ကသိုလ် (၂) ပါမောက္ခချုပ်ထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။ (NVS 003)

07 Oct

ADVERTISE HERE .