ဘောလုံးပြန်ကစားနိုင်လို့ စိတ်လှုပ်ရှားပျော်ရွှင်နေတယ်လို့ ပြောခဲ့တဲ့ ဒီဂျောင်

05 Oct

ဘာစီလိုနာကွင်းလယ်လူ ဒီဂျောင် အနေနဲ့ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ၆ လနီးပါး အနားယူခဲ့ရပြီး ဘောလုံးပြန်ကစားနိုင်ခဲ့တဲ့အတွက် ပျော်ရွှင်မိတယ်လို့ ပြောခဲ့ပါတယ်။ ဒီဂျောင် ဟာ ပြီးခဲ့တဲ့ရာသီက ရီးရဲလ် အသင်းနဲ့ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာရခဲ့ပြီးနောက် ကာလရှည်အနားယူခဲ့ရသလို နယ်သာလန် အသင်းရဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲကိုလည်း လွဲချော်ခဲ့ရတာပါ။ လက်ရှိရာသီမှာ ဒီဂျောင် က ဒဏ်ရာပြဿနာကနေ ပြန်လည်သက်သာလာခဲ့သလို အသင်းနဲ့အတူ လေ့ကျင့်မှုတွေ ပြုလုပ်လာနိုင်ခဲ့တာဖြစ်ပါတယ်။ အောက်တိုဘာလ ၂ ရက်က ကစားခဲ့တဲ့ ယန်းဘွိုင်းစ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ ဒီဂျောင် ဟာ အသင်းဆေးအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ လူစာရင်းမှာပါဝင်ခွင့်ရခဲ့ပြီး ဒုတိယပိုင်းမှာ လူစားဝင်ကစားခွင့်ရခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ ပွဲကစားချိန် ၁၅ မိနစ်ကျော်သာ ကစားခဲ့ရပေမယ့် ကာလရှည်အနားယူခဲ့ရပြီးနောက် ပြန်ကစားရတာဖြစ်လို့ စိတ်လှုပ်ရှားမိသလို ပျော်ရွှင်ခဲ့ကြောင်းကို ဒီဂျောင်က ပြောသွားခဲ့ပါတယ်။ ဒဏ်ရာကြောင့် အနားယူနေရချိန်မှာ အနာဂတ်နဲ့ပတ်သက်လို့ သတင်းတွေထွက်ခဲ့ပေမယ့် ဒီဂျောင် ကတော့ လက်ရှိအချိန်မှာ အကောင်းဆုံးပြန်ကစားနိုင်ဖို့ကိုပဲ အာရုံစိုက်ထားတယ်လို့ ပြောသွားခဲ့ပါတယ်။(NVS 008)

05 Oct

ADVERTISE HERE .