လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် စစ်ကိုင်းအထက်ပိုင်း၊ ကချင်၊ ချင်းနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်

05 Oct

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အောက်တိုဘာလ ၅ ရက်၊ နံနက် ၇ နာရီအချိန် ထုတ်ပြန်ချက် အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းနှင့် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်တို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်၊ ချင်းနှင့် ရခိုင်ပြည်နယ် တို့တွင် နေရာစိပ်စိပ်မှနေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရပါတယ်။ ယနေ့ နံနက် ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် ဆက်စပ်လျက် ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းနှင့် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်တို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းမှာ ဆက်လက်တည်ရှိနေကြောင်း ထုတ်ပြန်ထားပါတယ်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် အိန္ဒိယနိုင်ငံဘက်မှ ရွေ့လျားလာသော တိမ်တိုက်များကြောင့် ယနေ့နံနက်မှ ၂၄ နာရီအတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် နေရာစိပ်စိပ်မှနေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း အသိပေးထားပါတယ်။ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီး လက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစတဲ့ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ် နိုင်ကြောင်းကိုလည်း သတိပေးထုတ်ပြန်ထားပါတယ်။ အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူများအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ် များအနီးတွင် နေထိုင်ကြသူများအနေနဲ့ ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်း ရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးများ အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးနှိုးဆော်ထားပါတယ်။(NVS 004)

05 Oct

ADVERTISE HERE .