“အသင်းအောင်မြင်မှုကိုသာ အာရုံစိုက်နေတယ်လို့ဆိုတဲ့ ရော်နယ်ဒို”
03 Octအယ်နာဆာအသင်းရဲ့ ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒို က အခုအချိန်မှာ တစ်ဦးချင်း အကောင်းဆုံးဆု တွေထက် အသင်းလိုက်အောင်မြင်မှုကိုသာ အာရုံစိုက်ထားတယ်လို့ အောက်တိုဘာလ ၁ ရက်မှာ ပြောကြားခဲ့ပါတယ်။ အသက် ၃၉ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ရော်နယ်ဒို ဟာ ကစားသမားဘဝမှာ တစ်ဦးချင်းဆုတွေကို အများအပြား ရရှိခဲ့ပေမယ့်လည်း အခုအချိန်မှာတော့ အသင်းလိုက်အောင်မြင်မှုတွေကိုသာ ပိုမိုရယူချင်နေခဲ့တာ ဖြစ်ပါတယ်။ စံချိန်တွေ၊ တစ်ဦးချင်းအကောင်းဆုံး ဆုတံဆိပ်တွေဆိုတာက ကစားသမားဘဝမှာ အရေးပါတယ်ဆိုပေမဲ့ နိုင်ပွဲရဖို့ ကလည်း အဓိကကျတယ်လို့ ရော်နယ်ဒိုက ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်းက စံချိန်တွေကို ချိုးဖျက်နိုင်ဖို့ အတွက် အဓိကထား ကစားခဲ့ပေမယ့်လည်း အခုအချိန်မှာတော့ ဘောလုံးအားကစားကို ပျော်ရွှင်စွာကစားရင်း အသင်းနဲ့ အတူ နိုင်ပွဲတွေကို ရယူသွားချင်တယ်လို့ ရော်နယ်ဒိုက ဆက်လက်ပြောကြားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ လကမှ ကစားသမားဘဝ သွင်းဂိုးပေါင်း ၉၀၀ ပြည့်ခဲ့တာဖြစ်သလို အခုရာသီမှာလည်း အယ်နာဆာအသင်း အတွက် ပြိုင်ပွဲစုံ ၈ ပွဲကစားပြီးချိန်မှာ ၆ ဂိုးအထိ သွင်းယူပေးထားပါတယ်။ (NVS 008)