“ဒိန်းမတ်နှင့် ဆွီဒင်တို့ရှိ အစ္စရေးသံရုံးများအနီးတွင် ပစ်ခတ်မှုများနှင့် ပေါက်ကွဲမှုများဖြစ်ပွား”

03 Oct

ဒိန်းမတ်နိုင်ငံနှင့်ဆွီဒင်နိုင်ငံတို့၏ မြို့တော်များရှိ အစ္စရေးသံရုံးများအနီး၌ ပစ်ခတ်မှုများနှင့် ပေါက်ကွဲမှုများ ဖြစ်ပွားသည်ဟု နှစ်နိုင်ငံစလုံးမှ ရဲတပ်ဖွဲ့များက အောက်တိုဘာလ ၂ ရက်တွင် ထုတ်ပြန်ထားကြောင်း သိရသည်။ ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့တွင် ရှိသည့် အစ္စရေးသံရုံးအနီး၌ အောက်တိုဘာလ ၂ ရက် နံနက်အစောပိုင်းတွင် ပေါက်ကွဲမှုနှစ်ခုဖြစ်ပွားရာ ထိုကိစ္စနှင့်ပတ်သက်၍ လူသုံးဦးကို ဖမ်းဆီးထားသည်ဟု ဒိန်းမတ်ရဲတပ်ဖွဲ့က ထုတ်ပြန် ထားသည်။ လူနှစ်ဦး ကို ကိုပင်ဟေဂင်ဘူတာကြီးရှိ မီးရထားတစ်စင်းတွင်လည်းကောင်း၊ ကျန်တစ်ဦးကို မြို့ထဲတွင် လည်းကောင်း ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က လူမှုကွန်ရက်တွင် ရေးသားထားသည်။ အလားတူ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့ရှိ အစ္စရေးသံရုံးကို ပစ်မှတ်ထားသော ပစ်ခတ်မှုတစ်ခုသည် အောက်တိုဘာလ ၁ ရက် ည ၆ နာရီမထိုးမီတွင် ဖြစ်ပွားသည်ဟု ဆွီဒင်ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ထိုဖြစ်စဉ် နှစ်ခုလုံးတွင် ထိခိုက်ဒဏ်ရာရရှိသူ တစ်ဦးမျှမရှိသည်ကို တွေ့ရသည်။ ကိုပင်ဟေဂင်မြို့၌ ဖြစ်ပွားသော ပေါက်ကွဲ မှုများနှင့် အစ္စရေးသံရုံးတို့ကြား ဆက်စပ်မှု ရှိ၊မရှိကို အတိအကျမပြောနိုင်သေးကြောင်း၊ သို့သော် ရဲတပ်ဖွဲ့အနေ ဖြင့် သံရုံးနှင့်အနီးကပ်ဆက်ဆံ၍ ဆွေးနွေးမှုများလုပ်ဆောင်နေဆဲဖြစ်ကြောင်းနှင့် တာဝန်ရှိသူများကလည်း စုံစမ်း စစ်ဆေးမှုများကို လုပ်ဆောင်နေကြောင်း ဒိန်းမတ်ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဂျက်ကော့ဟန်ဆန်း က ပြော သည်။ ဆွီဒင်၌ ဖြစ်ပွားသောပစ်ခတ်မှုတွင်မူ အစ္စရေးသံရုံးအဆောက်အအုံကို ထိမှန်မှုများရှိကြောင်း၊ ရဲတပ်ဖွဲ့ အနေဖြင့် စုံစမ်းစစ်ဆေးမှုများကို လုပ်ဆောင်နေကြောင်းနှင့် လက်ရှိအချိန်အထိ ဖြစ်စဉ်နှင့်ပတ်သက်၍ မည်သူ့ကို မျှ ဖမ်းဆီးထားနိုင်ခြင်း မရှိသေးသော်လည်း သတင်းအချက်အလက်များရရှိထားပြီဖြစ်ကြောင်း ဆွီဒင်ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ရေဘက္ကာလန်းဘာ့ က ပြောသည်။

03 Oct

ADVERTISE HERE .