“နိုင်ငံတစ်ဝန်း သန်းခေါင်စာရင်းကောက်ယူခြင်းကို စတင်ဆောင်ရွက်လျက်ရှိပြီး ကောက်ယူမည်ဖြစ်ကာ ကောက်ယူမည့်နေ့ကို နေအိမ်များသို့ ကြိုတင်အကြောင်းကြားမည်”

02 Oct

မြန်မာနိုင်ငံတစ်ဝန်း လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူမှုကို အောက်တို ဘာလ ၁ ရက်မှစတင်၍ ကောက်ယူလျက်ရှိပါတယ်။ သန်းခေါင်စာရင်းကောက်ယူမှုကို နံနက် ၇ နာရီမှ ညနေ ၆ နာရီအတွင်း လာရောက်ကောက်ယူမည်ဖြစ်ပြီး နေအိမ်များသို့ စာရင်းလာကောက်မည့်နေ့ကို ကြိုတင်အကြောင်းကြားမည် ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ အသိပေးထုတ်ပြန်ထားပါတယ်။ အဆိုပါ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းများကို အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်အထိ ၁၅ ရက်ကြာ ကောက်ယူသွားမှာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်က သန်းခေါင်စာရင်းဆိုင်ရာ မေးခွန်း ၄၁ ခုကိုသာ မေးမြန်းကောက်ယူခဲ့သော်လည်း ယခု ၂၀၂၄ ခုနှစ်တွင် စာရင်းအချက်အလက်များ ပိုမိုပြည့်စုံ စေရေးအတွက် မေးခွန်း ၂၇ ခုကို တိုးမြှင့်၍ သန်းခေါင်စာရင်းဆိုင်ရာ မေးခွန်း ၆၈ ခုကို မေးမြန်းကောက်ယူ သွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။ ထပ်မံတိုးမြှင့်ကောက်ခံမည့် အချက်အလက်များမှ ထင်ရှားသောဥပမာအနေဖြင့် ပညာရေးကဏ္ဍတွင် ကျောင်းဆက်လက် မတက်ရောက်ရသည့် အဓိကအကြောင်းအရင်း၊ အိမ်အကြောင်းအရာကဏ္ဍတွင် အမှိုက်စွန့်ပစ်မှု စနစ်၊ သန့်ရှင်းမှုစနစ် စသည်ဖြင့် တိုးမြှင့်မေးမြန်းထားသည်ကို တွေ့ရှိရပြီး ယင်းအချက် များမှာ ပြည်သူလူထု၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍတို့တွင် အစိုးရမှမည်ကဲ့သို့ ဖြည့်ဆည်းပေးရမည်ကို သုံးသပ်သည့် မေးခွန်းများ ဖြစ်လို့ လက်တွေ့အသုံးဝင်သည့် အချက်အလက်များဖြစ်ကြောင်း သိရပါတယ်။ သန်းခေါင်စာရင်းကောက်ယူသူများက နံနက် ၇ နာရီမှ ညနေ ၆ နာရီအတွင်း နေအိမ်များသို့ လာရောက် စာရင်းကောက်ယူမည်ဖြစ်ပြီး နေအိမ်များသို့ စာရင်းလာကောက်မည့်နေ့ကို ကြိုတင်အကြောင်းကြားမည် ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းသည် အိမ်ထောင်စုစာရင်း ပုံစံ(၆၆/၆)သို့မဟုတ် ပုံစံ(၁၀) ရှိခြင်း/ မရှိခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားရှိခြင်း/မရှိခြင်းနှင့် မသက်ဆိုင်ကြောင်း၊ တိုင်းရင်းသားဖြစ်ခြင်း၊ မဖြစ်ခြင်း၊ နိုင်ငံသားဖြစ်ခြင်း၊ မဖြစ်ခြင်းနှင့် မသက်ဆိုင်ကြောင်း၊ သန်းခေါင်စာရင်း ထည့်သွင်း မကောက်ရမည့်သူများမှအပ သန်းခေါင်စာရင်းရည်ညွှန်းချိန်တွင် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းရှိနေသူ အားလုံးကို စာရင်းကောက်ယူမည် ဖြစ်ကြောင်း ထည့်သွင်းထုတ်ပြန်ထားပါတယ်။ ထို့ပြင် သန်းခေါင်စာရင်းကောက်ယူခြင်းအားဖြင့် သိရှိရသောပိုင်ဆိုင်မှုများနှင့်ပတ်သက်၍ အခွန်ကောက်ခံ ခြင်း၊ အရေးယူခြင်းတို့ကို လုံးဝပြုလုပ်မည်မဟုတ်ကြောင်း၊ သန်းခေါင်စာရင်း မေးခွန်းတွင် မေးမြန်းထားသော နိုင်ငံခြားသို့ရောက်ရှိနေကြသော အိမ်ထောင်စုဝင်များအတွက်လည်း စိုးရိမ်ရန်မလိုကြောင်းနှင့် မည်သို့မျှ အရေးယူမည်မဟုတ်ကြောင်း ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

02 Oct

ADVERTISE HERE .