“ရွှေစည်းခုံစေတီတော် အထွေထွေပြုပြင်ထိန်းသိမ်းရေးအတွက် Master Plan ရေးဆွဲရေးလုပ်ငန်းများ ပြုလုပ်နေ”

01 Oct

ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ရွှေစည်းခုံဘုရား အထွေထွေပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် ဘက်စုံလွှမ်းခြုံသော အစီအစဉ်(Master Plan)ရေးဆွဲရေးလုပ်ငန်းများ ပြုလုပ်နေကြောင်း သိရပါတယ်။ ဘက်စုံလွှမ်းခြုံတဲ့အစီအစဉ်(Master Plan)ရေးဆွဲရေးအတွက် ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၂၉ ရက်က သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ကဦးဆောင်ကာ ပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။ ပြည်ထောင်စုဝန်ကြီးက ရွှေစည်းခုံစေတီတော်ဝင်းအတွင်းရှိ ခေတ်အဆက်ဆက် အလှူရှင်များ လှူဒါန်းမှုနဲ့ ဆောက်လုပ်ထားသော အဆောက်အအုံများကို လိုအပ်တဲ့ ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ မူလအလှူရှင်များ ပြုပြင်နိုင်ခြင်းမရှိပါက ဂေါပကအဖွဲ့အနေနဲ့ ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်မှာဖြစ်ပြီး ရွှေစည်းခုံ စေတီတော်ကြီး တည်ထားခဲ့စဉ်ကတည်းက ခင်းထားတဲ့ သဲကျောက်ပြားများနှင့် ပျက်စီးမှုကို အစားထိုးထားတဲ့ စကျင်ကျောက်ပြားများကို အချိန်ယူပြန်ဖော်ပြီး စနစ်တကျထိန်းသိမ်းကာ ယခုပြုပြင်ခင်းကျင်းထားတဲ့ စကျင် လျှောက်လမ်းနှင့် Level ညှိ၍ အမြင်တင့်တယ်စေရေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် ယခုရေးဆွဲမည့် Master Plan ကို အမြန်ဆုံးရေးဆွဲပြီးစီးနိုင်ရေး ဆောင်ရွက်ပေးကြရန် တိုက်တွန်းခဲ့ပါတယ်။ ဒါ့အပြင် ဘုရားရင်ပြင်တော်ကိုလည်း ကမ္ဘာ့အမွေအနှစ် ဒေသတစ်ခုနှင့်အညီ ဆီလျော်တင့်တယ်မှုရှိအောင် ဆောင်ရွက်ရန်လိုကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းမှာကြားခဲ့ပါတယ်။ ရွှေစည်းခုံစေတီတော်ကြီးမှာ ရှေးဟောင်းလက်ရာ ကျန်ရှိမှုအဆင့်က Grade 1 ဖြစ်ပြီး ကျန်စစ်သားမင်းကြီး အတ္ထုပ္ပတ္တိကျောက်စာတိုင် ၂ တိုင်၊ ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်းဝင်(Memory of the WorldMoW) ဘုရင့်နောင်မင်းတရားကြီးရဲ့ ဘာသာသုံးမျိုးနဲ့ ရေးထိုးထားသည့် ခေါင်းလောင်းကြီးလည်းရှိသည့်အတွက် လေးဘက်လေးတန်ရှိ ကြေးကူတိုက်များက သမိုင်းအရ အရေးပါတဲ့ နေရာများဖြစ်တယ်လို့ သိရပါတယ်။ (NVS 003)

01 Oct

ADVERTISE HERE .