“ကမ္ဘာ့ဝတ်စားဆင်ယင်မှုပြပွဲတွင် မြန်မာတိုင်းရင်းသား ၈ မျိုး၏ ဝတ်စားဆင်ယင်မှုများကို တင်ဆက်ပြသ”

30 Sep

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်က ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့အခြေစိုက် International Cultural Diversity Organization(ICDO) က ကြီးမှူးကျင်းပခဲ့တဲ့ ကမ္ဘာ့ဝတ်စားဆင်ယင်မှုပြပွဲ (Costumes of the World)တွင် မြန်မာနိုင်ငံ၏ အဓိကတိုင်းရင်းသားလူမျိုး ၈ မျိုး၏ ဝတ်စားဆင်ယင်မှုများကို တင်ဆက်ပြသခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါတယ်။ ကမ္ဘာ့ဝတ်စားဆင်ယင်မှုပြပွဲကို ဗီယင်နာမြို့တော်ခန်းမ(Festsaal Rathaus)မှာ ကျင်းပခဲ့ရာ ဗီယင်နာ ဒုတိယ မြို့တော်ဝန်နှင့် ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး Mr.Christoph Wiederkehr၊ မြန်မာသံအမတ်ကြီး ဦးမင်းသိန်းနှင့် ဝတ်စားဆင်ယင်မှုတင်ဆက်သည့် နိုင်ငံများမှ သံအမတ်ကြီးများ၊ ယဉ်ကျေးမှုသံအရာရှိများနှင့် ပရိသတ်ရာပေါင်း များစွာ တက်ရောက်အားပေးခဲ့ကြပါတယ်။ အဆိုပါ ဝတ်စားဆင်ယင်မှုပြပွဲတွင် မြန်မာသံရုံး/ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ ဗီယင်နာမြို့က မြန်မာနိုင်ငံ အတွင်းမှ အဓိကတိုင်းရင်းသားလူမျိုး ၈ မျိုးဖြစ်တဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်နှင့် ရှမ်းတိုင်းရင်းသား ဝတ်စုံများဖြင့် တင်ဆက်ပြသခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၃၂ နိုင်ငံက ၎င်းတို့၏ ရိုးရာဝတ်စားဆင်ယင်မှုများ၊ ရိုးရာအက များဖြင့် ဖျော်ဖြေတင်ဆက် ပြသခဲ့ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရပါတယ်။ (NVS-004)

30 Sep

ADVERTISE HERE .