“စာချုပ်ပါစည်းကမ်းချက်များချိုးဖောက်ခံနေရကာ မြန်မာ MoU အလုပ်သမားများအခက်တွေ့နေ”

30 Sep

MoU စာချုပ်ပါစည်းကမ်းချက်များ ချိုးဖောက်ခံနေရတာကြောင့် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ တစ်ခုရဲ့ စေလွှတ်မှုနဲ့ ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ MoU အလုပ်သမား ၂၇၃ ဦး အခက်အခဲ များ ကြုံတွေ့နေရတယ်လို့ မြန်မာအလုပ်သမားမဟာမိတ်အဖွဲ့ (WAG)ကနေ သိရပါတယ်။ မြန်မာ MoU အလုပ်သမား ၂၇၃ ဦးကို ထိုင်းနိုင်ငံ၊ ရယောင်မြို့ရှိ ကုမ္ပဏီတစ်ခုရဲ့ လုပ်ငန်းခွင်မှာ ရေလိုင်း၊ မီးလိုင်းတို့နဲ့ အလုပ်လုပ်ကိုင်ရန် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတစ်ခုနှင့် ၂ နှစ်စာချုပ်ချုပ်ဆိုကာ စက်တင်ဘာလ ၁၃ ရက်က ရယောင်မြို့သို့ ရောက်ရှိခဲ့ကြတာ ဖြစ်ပါတယ်။ အခုလိုရောက်ရှိလာခဲ့ပေမယ့် ၎င်းတို့အလုပ်လုပ်ကိုင်မယ့် ကုမ္ပဏီမှာ ဒေဝါလီခံသွားခဲ့တာကြောင့် အခြားအလုပ်ရှာပေးမည်ဟု အေဂျင်စီတာဝန်ရှိသူများက ပြောဆိုခဲ့ပြီး စက်တင်ဘာလ ၁၇ ရက်မှာ မြန်မာ MoU အလုပ်သမားများကို စီရတ်ချာမြို့ သို့ခေါ်ဆောင်ကာ PENRUND CONDO VIEW ရဲ့ အောက်ဆုံးအထပ်မှာ ထားရှိခဲ့ပါတယ်။ ဒါ့အပြင် မြန်မာ MoU အလုပ်သမားများမှ စာချုပ်ပါလုပ်ငန်းမှာ လုပ်ကိုင်မည်ဟုပြောဆိုခဲ့ပေမယ့် အေဂျင်စီ တာဝန်ရှိသူများက ဆောက်လုပ်ရေးလုပ်ငန်းခွင်လုပ်ကိုင်မယ့်သူများကို စာရင်းကောက်ယူပြီး လုပ်ငန်းခွင်သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။ အခုလို MoU စာချုပ်ပါစည်းကမ်းချက်များချိုးဖောက်ခံရတာကြောင့် အခက်အခဲများ ကြုံတွေ့နေရပြီး မြန်မာ MoU အလုပ်သမားများမှ ၎င်းတို့ရဲ့ အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရန် WAG အဖွဲ့ထံအကူညီတောင်းခံခဲ့သဖြင့် WAG အဖွဲ့ဝင်များက စက်တင်ဘာလ ၂၆ ရက်မှာ အလုပ်သမားများနှင့်တွေ့ဆုံကာ ကူညီမှုများပြု လုပ်ပေးလျက် ရှိတယ်လို့ သိရပါတယ်။(NVS 003)

30 Sep

ADVERTISE HERE .