“အင်းလေးဒေသ ရေဘေးသင့်ပြည်သူများထံ တန်ဖိုးငွေကျပ် ၄၂ သိန်းကျော် တန်ဖိုးရှိ လောင်စာတောင့်များ ဒုတိယအကြိမ်အဖြစ်ထောက်ပံ့လှူဒါန်း”

30 Sep

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ရေဘေးသင့်ပြည်သူများ ချက်ပြုတ်ရေး ကိစ္စအဆင်ပြေစေရေးအတွက် ငွေကျပ် ၄၂ သိန်းကျော်တန်ဖိုးရှိ လောင်စာတောင့်များကို ဒုတိယအကြိမ်အဖြစ် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ မန္တလေးတိုင်းဒေသကြီး ကော်မတီမှ စက်တင်ဘာလ ၂၉ ရက် နံနက်ပိုင်းမှာ ထောက်ပံ့လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) ညောင်ရွှေအထိုင်ချ ကယ်ဆယ်ရေးစခန်းက ကြီးကြပ် ကာ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (လောက်ကိုင်)၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ရွာငံ)၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ညောင်ရွှေ) တို့ နှင့်အတူ လှူဒါန်းပေးခဲ့ခြင်း ဖြစ်ပါတယ်။ အခုလိုလှူဒါန်းပေးရာမှာ ပထမအကြိမ် လောင်စာတောင့် သုံးသောင်း၊ တန်ဖိုးငွေကျပ် ၂,၅၅၀,၀၀၀ ဖိုး ဝယ်ယူ ဖြန့်ဝေလှူဒါန်းခဲ့ပြီးဖြစ်ပေမယ့် လိုအပ်နေသေးတာကြောင့် စက်တင်ဘာလ ၂၉ ရက်မှာ လောင်စာတောင့် ငါးသောင်း၊ တန်ဖိုးငွေ ၄,၂၅၀,၀၀၀ ကျပ်ဖိုး ထပ်မံ ဖြန့်ဝေလှူဒါန်းခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းရုံး)အနေနဲ့ မန္တလေးနှင့် အနီးတဝိုက်မှာ ရေဘေး ကယ်ဆယ်ရေး လုပ်‌ဆောင်ရမှု လျော့နည်းလာကာ စက်တင်ဘာလ ၂၁ ရက်မှစတင်ကာ ညောင်ရွှေမြို့၊ အထက(၂)မှာ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ရုံးခွဲများဖြစ်သော ရွာငံမြို့နယ်ရုံးအဖွဲ့၊ လောက်ကိုင်မြို့နယ်အဖွဲ့၊ ညောင်ရွှေ မြို့နယ်အဖွဲ့၊ မုံရွာမြို့နယ်ရုံးအဖွဲ့ များဖြင့် အထိုင်ချစခန်း ဖွင့်လှစ်ကာ ထောက်ပံ့ရေးနှင့်ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို စနစ်တကျ ပူးပေါင်းလုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။ (NVS 003)

30 Sep

ADVERTISE HERE .