“မန္တလေးတောင်ခြေရှိ ကျောက်တော်ကြီးဘုရားပွဲ ကျင်းပပြုလုပ်လျက်ရှိ”

30 Sep

နှစ်စဉ် တစ်လနီးပါးကြာကျင်းပမြဲဖြစ်တဲ့ မန္တလေးတောင်ခြေရှိ ကျောက်တော်ကြီးဘုရားပွဲကို စက်တင်ဘာလ ၂၅ ရက် (တော်သလင်းလပြည့်ကျော် ၈ ရက်)မှ စတင်ကျင်းပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။ အဆိုပါကျောက်တော်ကြီးဘုရားပွဲတော်ကို ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံရေးအခြေအနေများကြောင့် ပွဲတော်မှာ စည်ကားခြင်းမရှိခဲ့ပေမယ့် ယခုနှစ်ကျင်းပတဲ့ပွဲတော်မှာ ဈေးရောင်းဈေးဝယ်များအပါအဝင် လည်ပတ် သူများဖြင့် စည်ကားလျက်ရှိတယ်လို့ သိရပါတယ်။ ကျောက်တော်ကြီးဘုရားပွဲဟာ မြန်မာနိုင်ငံအထက်ပိုင်းရှိ အထင်ရှားဆုံးနှင့် အကြီးကျယ်ဆုံးသော ဘုရားပွဲ တစ်ခုဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ၊ ဘုရားပွဲဈေးမှာ ရောင်းချရန် လာရောက်တဲ့ ဈေးသည်များ နှင့် နှစ်စဉ်စည်ကားခဲ့တဲ့ ဘုရားပွဲတော်တစ်ခု ဖြစ်ပါတယ်။ ဘုရားပွဲဈေးမှာ မုန့်ပဲသရေစာများ၊ သီတင်းကျွတ်ရောင်စုံမီးအလှများ၊ ကလေးကစားစရာအရုပ်ဆိုင်နှင့် အိုးပုတ်ဆိုင်များ၊ ဖျာနှင့်အိမ်အသုံးအဆောင်ပစ္စည်းများ၊ အဝတ်အစားများ၊ အပျော်တမ်း ဘောလုံးပစ်ဆိုင်များ၊ အပျော်စီးချား၊ ရဟတ်များ ပါဝင်သလို မြန်မာဇာတ်သဘင်များ၊ စတိတ်ရှိုးများလည်းပါဝင်သဖြင့် လည်ပတ်စရာ စုံလင်‌တဲ့ ပွဲတော်တစ်ခုလည်း ဖြစ်ပါတယ်။ ကျင်းပတဲ့ပွဲတော်ရက်များအနက် သီတင်းကျွတ်လပြည့်နေ့ဟာ အစည်ကားဆုံးသော ပွဲတော်ရက်ဖြစ်ပြီး မဟာသကျမာရဇိန်ကျောက်တော်ကြီး ဘုရားဝန်းအတွင်း ဆီမီးများနဲ့ ပူဇော်ကြသလို ကနောင်မင်းသားကြီး အုတ်ဂူ ရှိသော စန္ဒာမုနိဘုရား၊ ကုသိုလ်တော်ဘုရားကြီးကိုလည်း ဆီမီးများနဲ့ ပူဇော်လေ့ရှိကြပါတယ်။(NVS 003)

30 Sep

ADVERTISE HERE .