ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသရှိ ရေဘေးသင့်ပြည်သူများထံ သွားရောက်လှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ ဖောင်ဒေးရှင်း

29 Sep

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသရှိ ရေဘေးသင့်ပြည်သူများထံသို့ ခိုင်နှင်းဝေဖောင်ဒေးရှင်မှ အလှူရှင်များက ထောက်ပံ့ငွေများကို စက်တင်ဘာလ ၂၇ ရက်မှာ စံဖူးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ တာဝန်ရှိသူများလိုက်ပါ၍ ခိုင်နှင်ဝေ ဖောင်ဒေးရှင်းမှ အလှူရှင် များက စံဖူးဘုန်းတော်ကြီးကျောင်းဆရာတော် ဘဒ္ဒန္တဣန္ဒ အား သွားရောက်ဖူးမြော်၍ ရေဘေးသင့်ပြည်သူ များနှင့် တွေ့ဆုံ၍အားပေး စကားပြောကြားပြီး ရေဘေးသင့်အိမ်ထောင်စု ၂၆၁ စုအတွက် အိမ်ထောင်စု (၁)စုလျှင် ငွေကျပ်သိန်း(၂၀)စီဖြင့် စုစုပေါင်းငွေကျပ်သိန်း ၅,၂၂၀၊ သေဆုံးသူ ၂၆ ဦးတို့အတွက် (၁)ဦးလျှင် ငွေကျပ်(၁၀)သိန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ်သိန်း ၂၆၀၊ စုစုပေါင်းထောက်ပံ့ငွေကျပ်သိန်း ၅,၄၈၀ တို့ကို ရေဘေးသင့်ကျေးရွာများဖြစ်တဲ့ စံဖူးကျေးရွာ၊ နောင်စုံကျေးရွာ၊‌ ကျောက္ကချားကျေးရွာ၊ တလျနိုးကျေးရွာ၊ ထမ်းအယ်ကျေးရွာ၊ ဗန်းစောက်ကျေးရွာနဲ့ လိုက်ကန်ကျေးရွာတို့မှ ရေဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့တာဖြစ်ပါတယ်။ ထို့နောက် စံဖူးကျေးရွာအုပ်စု၊ ကျောက္ကချား ကျေးရွာရှိ နမ့်ဟုတ် တိုင်တစ်ရာဘုန်းတော်ကြီးကျောင်း ဆရာတော်အား သွားရောက်ဖူးမြော်ပြီး ရေဘေးသင့်ကျေးရွာများအား လှည့်လည်ကြည့်ရှုကာ ရေဘေးသင့် ပြည်သူများနှင့်တွေ့ဆုံပြီး အားပေးစကားပြောကြားခဲ့ပါတယ်။ ဟိုပုံးမြို့နယ်တွင် စက်တင်ဘာလ ၁၀ ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့‌ပေါ်ရပ်ကွက် ၆ ခုနှင့် ကျေးရွာပေါင်း ၃၀ တို့တွင် ရေဘေးအန္တရာယ်ကြောင့် သေဆုံးသူ ၂၆ ဦး၊ ထိခိုက်ပျက်စီးခဲ့သည့် နေအိမ် ၂၆၁ အိမ်ရှိပြီး လမ်း၊ တံတားများ၊ တိရစ္ဆာန်များနှင့် စိုက်ခင်းများ ပျက်စီးဆုံးရှုံးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပြီး ရပ်နီး/ရပ်ဝေးဒေသများမှ အလှူရှင်များကလည်း မဲနယ်တောင်ဒေသ ရေဘေးသင့်ပြည်သူများအတွက် စားသောက်ဖွယ်ရာများ၊ အသုံး အဆောင်ပစ္စည်းများနှင့် ထောက်ပံ့ငွေများအား နေ့စဉ်လာရောက်လှူဒါန်းပေးလျက်ရှိကြောင်း သိရပါတယ်။(NVS 003)

29 Sep

ADVERTISE HERE .