ဆက်ဇနီ နဲ့ ဆွေးနွေးခဲ့တဲ့ ဘာစီလိုနာအသင်း
28 Sepဘာစီလိုနာအသင်းဟာ ဒဏ်ရာကြောင့် ကာလရှည်အနားယူရတော့မယ့် ဂိုးသမား တာစတီဂန် ရဲ့နေရာ အတွက် ပိုလန်ဂိုးသမား ဆက်ဇနီ နဲ့ ဆွေးနွေးမှုတွေပြုလုပ်နေပေမယ့် စက်တင်ဘာ ၂၆ ရက်အထိ အပြီးသတ်သဘော တူညီမှု မရသေးဘူးလို့သိရပါတယ်။ ဂျာမနီဂိုးသမား တာစတီဂန် ဟာ ဗီလာရီးရဲလ်အသင်းကို ကစားခဲ့တဲ့ပွဲမှာ ပြင်းထန်တဲ့ ဒူးဒဏ်ရာရခဲ့ပြီးနောက် ကာလရှည်အနားယူရဖို့ ဖြစ်လာခဲ့ပါတယ်။ ဘာစီလိုနာအသင်းမှာ အရန် ဂိုးသမား ပီနာ ရှိနေပေမယ့် နည်းပြ ဟန်ဆီဖလစ်ခ် က အတွေ့အကြုံပိုရှိတဲ့ ဂိုးသမားတစ်ယောက်ကို အလိုရှိတယ်လို့ ပြောကြားထားတာဖြစ်ပါတယ်။ ပိုလန်ဝါရင့်ဂိုးသမား ဆက်ဇနီ ကတော့ ပြီးခဲ့တဲ့ဩဂုတ်လကမှ ကစားသမားဘဝကနေ အနားယူထားသူဖြစ်ပြီး ဘာစီလိုနာအသင်းဘက်က ကမ်းလှမ်းမယ် ဆိုရင် ပြန်ကစားမယ်လို့ ပြောခဲ့ပြီးနောက် နှစ်ဖက်အကြား ဆွေးနွေးမှုတွေ ပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးသတင်းတွေအရ ဆက်ဇနီ ဘက်ကတောင်းဆိုတဲ့ တချို့အချက်အလက်တွေကို ဘာစီလိုနာအသင်း ဘက်က လိုက်လျောမပေးနိုင်လို့ ဆွေးနွေးမှုက အပြီးသတ်တဲ့အထိ မရောက်သေးတာဖြစ်တယ်လို့ ဆိုပါတယ်။ ဂျူဗင်တပ်အသင်းနဲ့အတူ စီးရီးအေချန်ပီယံဆု ၃ ကြိမ်ရရှိထားခဲ့တဲ့ ဆက်ဇနီ ဟာ ပိုလန်လက်ရွေးစင်အသင်း အတွက်လည်း ပွဲပေါင်း ၂၅၀ ကျော် ပါဝင်ကစားပေးထားသူ ဖြစ်ပါတယ်။(NVS 008)