“ရေး-ထားဝယ်ရထားလမ်းပိုင်းရှိ မောင်မယ်ရှောင်တံတား မိုင်းခွဲဖျက်ဆီးခံရ”

27 Sep

စက်တင်ဘာလ ၂၅ ရက်ညနေပိုင်းက တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ရှိ ရေး-ထားဝယ်ရထားလမ်းပိုင်းပေါ်မှ တံတားတစ်စင်းကို မိုင်းခွဲဖျက်ဆီးခံခဲ့ရတယ်လို့ မြန်မာ့မီးရထားရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ရေး-ထားဝယ်ရထားလမ်းပိုင်းရဲ့ ရေဖြူဘူတာနှင့်ထားဝယ်ဘူတာကြား ရထားလမ်းမိုင်တိုင်အမှတ် ၃၆၄/၁၁ နှင့် ၃၆၄/ ၁၂ ကြားရှိ တံတားအမှတ်(၆ဝ၆) မောင်မယ်ရှောင်တံတားကို မိုင်းခွဲဖျက်ဆီးခဲ့ကြခြင်း ဖြစ်ပါတယ်။ မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် တံတားရဲ့အောက်ခံကန့်လန့်ဖြတ်သံဘောင် ၂ ချောင်း၊ အလျားလိုက်သံဘောင် ၂ ချောင်း၊ ၇၅ ပေါင်သံလမ်း ၂ ချောင်း၊ သံလမ်းထိန်း Guard Rail ၂ချောင်းနှင့် တံတားအထူး သစ်သားဇလီဖားများပျက်စီး ဆုံးရှုံးခဲ့ပါတယ်။ ဒါကြောင့် မြန်မာ့မီးရထားမှ ဝန်ထမ်းများက အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရန် ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။ လက်နက်ကိုင်အဖွဲ့များရဲ့ အကြမ်းဖက်မှုကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်ကာ လက်ရှိအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးမှာ ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ ဖျက်ဆီးမှု ၇၉ ကြိမ်၊ ရထားတံတား/သံလမ်းများအားမိုင်းခွဲဖျက်ဆီးမှု ၁၇၂ ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ် များကို မီးရှို့ဖျက်ဆီးမှု ၁၆ ကြိမ်ကို ကျူးလွန်ခဲ့ကြတယ်လို့ သိရပါတယ်။ (NVS 003)

27 Sep

ADVERTISE HERE .