“MMA ကစားသမား ကော်နာမက်ဂရီဂေါ် က ၂၀၂၅ ခုနှစ်မှသာ ပြန်လည်ထိုးသတ်မည်ဖြစ်ကြောင်း အတည်ပြု”

26 Sep

အိုင်ယာလန် MMA ကစားသမား ကော်နာမက်ဂရီဂေါ် က ၂၀၂၅ ခုနှစ်မှသာ ပွဲစဉ်များကို ပြန်လည် ထိုးသတ်မည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။ အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ မက်ဂရီဂေါ် ဟာ ၂၀၂၁ ခုနှစ် ဇူလိုင်နောက်ပိုင်းကတည်းက ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။ ယခုနှစ် ဇွန်လတွင် အမေရိကန်ကစားသမား မိုက်ကယ် ချန်ဒလာ နဲ့ထိုးသတ်ရန် စီစဉ်ထားသော်လည်း လေ့ကျင့်မှုပြုလုပ်စဉ် ခြေချောင်းကျိုးဒဏ်ရာ ရရှိခဲ့လို့ ပွဲဖျက်ခဲ့ရတာဖြစ်ပါတယ်။ စက်တင်ဘာလ ၂၁ ရက်က အန်သိုနီဂျိုရှူအာ နဲ့ ဒန်နီယဲလ်ဒူဘွာ တို့ရဲ့ လက်ဝှေ့ပွဲသို့ လာရောက် ကြည့်ရှုခဲ့တဲ့ ကော်နာမက်ဂရီဂေါ် က ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ ၎င်းအနေနဲ့ ၂၀၂၅ ခုနှစ်မှာ ပြန်လည် ထိုးသတ်ရန် အစီအစဉ်ရှိကြောင်းနဲ့ ပြိုင်ဘက်ကိုလည်း စီစဉ်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါအပြင် ပုံစံ ကောင်းများရရှိအောင် ကြိုးစားနေကာ ၂၀၂၅ ခုနှစ်မှာ အကောင်းဆုံးပုံစံဖြင့် ပြန်လာနိုင်အောင် ကြိုးစား သွားမယ်လို့ ကတိပြုကြောင်း ပြောကြားခဲ့ပါတယ်။ မက်ဂရီဂေါ် ဟာ UFC နှင့်ချုပ်ဆိုထားသည့် စာချုပ်မှာလည်း နှစ်ပွဲထိုးသတ်ရန် ကျန်ရှိနေပါသေးတယ်။ UFC ပြိုင်ပွဲတွင် မက်ဂရီဂေါ် ရဲ့ နောက်ဆုံးနိုင်ပွဲမှာ ၂၀၂၀ ပြည့်နှစ်က ဆယ်ရိုနီ ကို ၄၀ စက္ကန့်ဖြင့် အနိုင်ယူ ထားခဲ့တဲ့ပွဲ ဖြစ်ပါတယ်။ (NVS-008)

26 Sep

ADVERTISE HERE .