“ကရင်ပြည်နယ်အတွင်း ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့်မိုးသီးနှံများ အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရေး နည်းပညာ၊ စက်ယန္တရား၊ မျိုးစပါးနှင့် သွင်းအားစုများ ကူညီပံ့ပိုးပေးသွားမည်”

26 Sep

ကရင်ပြည်နယ်အတွင်း နှစ်ကြိမ်တိုင် ရေကြီးရေလျှံမှုကြောင့် ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် မိုးစပါးနှင့်မိုး သီးနှံများ အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရန် မျိုးစပါး၊ သွင်းအားစု၊ နည်းပညာနှင့် စက်ယန္တရားများ ကူညီပံ့ပိုး ပေးသွားမှာ ဖြစ်ကြောင်း စက်တင်ဘာလ ၂၄ ရက် မွန်းလွဲပိုင်းမှာ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပတဲ့ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေးတိုးတက်မြင့်မားရေးကြီးကြပ်မှုအဖွဲ့ရဲ့ (၄/၂၀၂၄)လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး က ပြောကြားခဲ့ကြောင်း သိရပါတယ်။ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ရေကြီးရေလျှံမှုကြောင့် သီးနှံများထိခိုက်ပျက်စီးမှု၊ ပြန်လည် အစားထိုးစိုက်ပျိုးနေမှုနှင့် ဆက်လက်စိုက်ပျိုးမည့်အစီအစဉ်၊ မျိုးစေ့နှင့် မြေဩဇာလိုအပ်မှုအခြေအနေများကို ဆွေးနွေးတင်ပြကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်များအလိုက် ရေကြီးနစ်မြုပ်မှု အခြေအနေ၊ မိုးစပါးနှင့်မိုးသီးနှံထိခိုက်ပျက်စီးမှု၊ ပြန်လည်စိုက်ပျိုးရန်လျာထားချက်နှင့် စက်သုံးဆီ၊ သွင်းအားစုများ လိုအပ်ချက် စက်ယန္တရားများစုစည်းထားရှိမှု၊ ပြန်လည်စိုက်ပျိုးနိုင်ရေး ကွင်းဆင်းကြပ်မတ်မည့် အစီအစဉ်များကို ဆွေးနွေးတင်ပြခဲ့ကြပါတယ်။ ကရင်ပြည်နယ်၌ ဩဂုတ်လအတွင်း ပထမအကြိမ်ရေကြီးရေလျှံမှုကြောင့် စိုက်ပျိုးပြီးမိုးသီးနှံများ ရေကြီး နစ်မြုပ်ခဲ့ရာ မျိုးစပါး၊ မြေဩဇာ၊ ဆေးဖြန်းပုံးများကို ဖြန့်ဝေထောက်ပံ့ပေးခဲ့ပြီး စက်တင်ဘာလအတွင်း ထပ်မံပြီး ဒုတိယအကြိမ် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ရာ မိုးစပါး ၃၅,၃၉၁ ဧကခန့် ရေကြီးနစ်မြုပ်ခဲ့ကာ ၃၁,၂၉၆ ဧက ထိခိုက်၍ ၁၄,၄၅၀ ဧကခန့်ပျက်စီးခဲ့ပါတယ်။ ပြည်နယ်အစိုးရအစီအစဉ်ဖြင့် ရက်(၉၀)မျိုးစပါး တင်း ၂,၀၀၀ ခန့်ကို ဘားအံမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ် တို့ကို အဓိကထားထောက်ပံ့ပေးသွားမှာဖြစ်ပြီး အရည်အသွေးမြင့်မားသည့် သွင်းအားစုများကို အချိန်ကိုက် အချိုးညီ ထည့်သွင်းနိုင်ရေးနှင့် တောင်သူစိတ်ဓာတ်မြင့်တင်ရေးအပိုင်းကိုလည်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အချိန်မီ ပြန်လည် ထွန်ယက်စိုက်ပျိုးနိုင်ရေးနည်းပညာနှင့် စက်ယန္တရားများ ကူညီပံ့ပိုးပေးသွားမှာဖြစ်ပြီး ဌာနရှိယန္တရားများ အပြင် အစုအဖွဲ့များ၊ တောင်သူများရှိ ယန္တရားများကိုပါ စုဖွဲ့ဆောင်ရွက် သွားမယ်လို့ သိရပါတယ်။ (NVS-003)

26 Sep

ADVERTISE HERE .