“စားအုန်းဆီ ရည်ညွှန်းဈေးအတိုင်း မရောင်းချသည့်ဆိုင်များကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေး ယူမည်”

24 Sep

ပြည်သူများထံသို့ စားအုန်းဆီရည်ညွှန်းဈေးဖြင့် တိုက်ရိုက်ရောက်ရှိစေရေး၊ စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိ စေရေးနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချရန် သိုလှောင်သိမ်းဆည်းမှုများ မရှိစေရေး၊ တစ်ဆင့်ပြန်လည်ရောင်းချမှု မရှိ စေရေးအတွက် စိစစ်ကြပ်မတ်လျက်ရှိပြီး မှန်ကန်စွာမရောင်းချပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ သိရပါတယ်။ စားအုန်းဆီသည် အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ကြေညာထားပြီးဖြစ်သည့်အတွက် ဥပဒေဘောင် အတွင်းမှ မျှတမှန်ကန်စွာ ရောင်းချကြရန်နှင့် လိုက်နာမှုမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေး ယူခြင်းခံရမည် ဖြစ်ပါတယ်။ စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၂၀၂၄ ခုနှစ်၊ သြဂုတ်လနှင့် စက်တင်ဘာလများတွင် မန္တလေးတိုင်းဒေသကြီးအတွက် တန်ချိန် ၆,၅၅ဝ ခွဲ ဝေချထားပေးခဲ့ပြီး ဆီဖြန့်ဖြူးသည့် ကုမ္ပဏီ ၂၁ ခုမှ ခရိုင်အလိုက် ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါတယ်။ စားအုန်းဆီစီးဝင်မှုများကို အခြေခံ၍ ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ စက်တင်ဘာလအတွင်း ခွဲဝေရရှိတဲ့ စားအုန်းဆီတန်ချိန် ၆,၅၅ဝ အား သက်ဆိုင်ရာခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဆီလက်ကားရောင်းချသူများနှင့် ပူးပေါင်းကာ သက်ဆိုင်ရာမြို့နယ် အိမ်ထောင်စုလူဦးရေအပေါ်တွင်အခြေခံပြီး ဆီဝယ်ယူခွင့်စာအုပ်ဖြင့် စက်တင်ဘာ လ ဒုတိယအပတ်မှ စတင်ကာ ၈ဝ ရာခိုင်နှုန်းခန့် ဖြန့်ဖြူးရောင်းချပေးပြီးဖြစ်ပါတယ်။ စက်သုံးဆီ၊ စားသုံးဆီ ကြီးကြပ်ရေးအဖွဲ့များမှ လက်လီ၊ လက်ကားအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး ကာ စိစစ်ဆောင်ရွက်လျက်ရှိပြီး အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ကြေညာထားပြီးဖြစ်သည့်အတွက် ဥပဒေဘောင် အတွင်းမှ မျှတမှန်ကန်စွာ ရောင်းချကြရန်နှင့် လိုက်နာမှုမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ကွင်းဆင်း အသိပေးဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။ (NVS-004)

24 Sep

ADVERTISE HERE .