“ဆက်သွယ်ရေးပြတ်တောက်ခဲ့ရတဲ့ မိုဘိုင်းစခန်း ၁,၀၀၀ နီးပါးကို ပြန်လည်ပြုပြင်ပြီးဖြစ်”

24 Sep

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနအနေနဲ့ ဆက်သွယ်ရေးပြတ်တောက်ခဲ့ရတဲ့ မိုဘိုင်းစခန်း ၁,၅၀၀ အနက်မှ ၁,၀၀၀ နီးပါးကို ပြန်လည်ပြုပြင်ပြီးဖြစ်တယ်လို့ သိရပါတယ်။ ယာဂီမုန်တိုင်းအရှိန်ကြောင့် ပဲခူး၊ ကယား၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊ နေပြည်တော်၊ ရခိုင်၊ စစ်ကိုင်း၊ ရှမ်းအရှေ့ပိုင်းနှင့် တောင်ပိုင်းအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များရှိ ၆၅ မြို့နယ်မှာ ရေနစ်မြုပ်ခြင်း၊ မြေပြိုမှုများ ဖြစ်ပွား ခဲ့တဲ့အတွက် ပင်မစခန်းသို့ ဆက်သွယ်ထားတဲ့ ဖိုက်ဘာကြိုးများပြတ်တောက်ခဲ့ကာ ဆက်သွယ်ရေးပြတ်တောက် ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ပြတ်တောက်ခဲ့တဲ့ ဖိုက်ဘာကြိုးများကို ပြုပြင်ရန် စခန်းပေါင်း ၅၆၀ ကျန်ရှိနေသေးကြောင်းနှင့် အချို့နေရာများမှာ ဆက်သွယ်ရေးပြန်ရနေပြီဖြစ်ပေမယ့် အင်တာနက်သုံးစွဲနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။ လက်ရှိမှာ MPT အနေနဲ့ မိုဘိုင်းဖုန်းအချင်းချင်း အခမဲ့ဖုန်းပြောဆိုခွင့်မိနစ် ၇၀၀ နှင့် အခမဲ့စာတိုပေးပို့ခွင့်အစောင် ၇၀၀၊ အက်တမ်မြန်မာလီမိတက်(ATOM)မှ မိုဘိုင်းဖုန်းအချင်းချင်း အခမဲ့ဖုန်းပြောဆိုခွင့်မိနစ် ၅၀၀ နှင့် စာတိုပေးပို့ခွင့် အစောင် ၅၀၀၊ အော်ရီဒူးမြန်မာလီမိတက် (Ooredoo)မှ မိုဘိုင်းဖုန်းအချင်းချင်း အခမဲ့ဖုန်းပြောဆိုခွင့် အကန့်အသတ်မဲ့ နှင့် အခမဲ့စာတိုပေးပို့ခွင့် အကန့်အသတ်မဲ့ခွင့်ပြုထားပါတယ်။ ဒါ့အပြင် တယ်လီကွန်းအင်တာနေရှင်နယ် မြန်မာကုမ္ပဏီလီမိတက်(MYTEL) မိုဘိုင်းဖုန်း အချင်းချင်း အခမဲ့ဖုန်းပြောဆိုခွင့်မိနစ် ၁,၀၀၀နှင့် အခမဲ့စာတိုပေးပို့ခွင့်အစောင် ၁,၀၀၀ တို့ကို အသုံးပြုခွင့်ပေးထားတယ်လို့ သိရပါတယ်။ (NVS 003)

24 Sep

ADVERTISE HERE .