“ရွှေတိဂုံစေတီတော်အား ရွှေသင်္ကန်းကပ်လှူပူဇော်ရန် ငြမ်းစေတီတည်ဆောက်လျက်ရှိ”

24 Sep

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်အား ရွှေသင်္ကန်းကပ်လှူပူဇော်ရန် ငြမ်းစေတီတည်ဆောက်ခြင်းကို စက်တင်ဘာလ ၁၉ ရက်မှ စတင်ဆောင်ရွက်လျက်ရှိနေကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာထိန်းဂေါပကအဖွဲ့မှ သိရပါတယ်။ ရွှေတိဂုံစေတီတော်အား ခေတ်အဆက်ဆက် ပြုပြင်ထိန်းသိမ်းစောင့်ရှောက်မှုများပြုလုပ်ခဲ့ကြပြီး ငါးနှစ် တစ်ကြိမ် ရွှေသင်္ကန်းကပ်လှူပူဇော်လျက်ရှိပါတယ်။ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော် ခဲ့ပြီး ယခုနှစ်မှာလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏လမ်းညွှန်မှု၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဦးဆောင်ကွပ်ကဲမှုတို့ဖြင့် ရွှေတိဂုံစေတီတော်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူ ပူဇော်မည်ဖြစ်ရာ ဝန်ကြီးဌာန၏ လုပ်ငန်းအဆင့်ဆင့်ဆောင်ရွက်နေမှုများတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါတယ်။ ရွှေသင်္ကန်းကပ်လှူပူဇော်ရန် နာယကအဖွဲ့၊ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ ၁၀ ခု ဖွဲ့စည်းထားပြီး လုပ်ငန်းတာဝန်အနေဖြင့် ဘာသာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ဒေသဆိုင်ရာ ဓလေ့ထုံးတမ်းများ နှင့်အညီ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ရွှေတိဂုံစေတီတော်ကို ရွှေသင်္ကန်းကပ်လှူခြင်းလုပ်ငန်းဆောင်ရွက်ရန် ငြမ်းစေတီတည်ဆောက်ခြင်းကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတတိယပတ်မှ အောက်တိုဘာလ တတိယပတ်အထိလည်းကောင်း၊ ရွှေစင်ရွှေပြားများ ရောင်တော်ဖွင့်ခြင်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ စတုတ္ထပတ်မှ ဒီဇင်ဘာလ ပထမပတ်အထိလည်းကောင်း၊ ပျက်စီးရွှေပြားများ စာရင်းကောက်ယူခြင်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ စတုတ္ထပတ်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ စတုတ္ထပတ်အထိလည်းကောင်း၊ အလှူရှင်များက ရထားပျံဖြင့် ရွှေပြားလှူဒါန်းခြင်းနှင့် ပျက်စီးရွှေပြားများ လဲလှယ် ခြင်းကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလပထမပတ်မှ ၂၀၂၅ ခုနှစ်၊ မတ်လဒုတိယပတ်အထိလည်းကောင်း၊ ရွှေချွတ်၊ ရွှေချ လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်မှ ၂၀၂၅ ခုနှစ်၊ မတ်လ စတုတ္ထပတ်အထိ လည်းကောင်း၊ ငြမ်းဖျက်သိမ်းခြင်းကို ၂၀၂၅ ခုနှစ်၊ မတ်လ ပထမပတ်မှ ဧပြီလ ပထမပတ်အထိလည်းကောင်း၊ ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းနှင့် ရေစက်ချအခမ်းအနားကျင်းပခြင်းကို ၂၀၂၅ ခုနှစ်၊ မေလပထမပတ်တွင် လည်းကောင်း ဆောင်ရွက်နိုင်ရန်လျာထားကြောင်း သိရပါတယ်။ (NVS 004)

24 Sep

ADVERTISE HERE .