နေပြည်တော် ရေဘေးအလှူငွေလက်ခံပွဲတွင် အလှူငွေကျပ် ၃၂ ဘီလီယံကျော်ရရှိ

22 Sep

ရေဘေးသင့်ပြည်သူတွေအတွက် အလှူငွေလက်ခံပွဲကို နေပြည်တော်မြို့တော်ခန်းမတွင် စက်တင်ဘာလ ၂၁ ရက်မှာကျင်းပခဲ့ပြီး အလှူငွေကျပ် ၃၂ ဒသမ ၂ ဘီလီယံကျော်ရရှိခဲ့တယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့က‌နေ သိရပါတယ်။ အခမ်းအနားသို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ပြီး အလှူငွေများ လက်ခံရယူကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ရေဘေးပြန်လည်ထူထောင်ရေးအတွက် ကျပ်ဘီလီယံ ၃၀ ကို သုံးစွဲမှာဖြစ်ပြီး အလှူရှင်တွေရဲ့ လှူဒါန်းငွေတွေနဲ့လည်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်က ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် ၉ ခုမှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့ကာ စက်တင်ဘာလ ၂၁ ရက်မနက်ပိုင်းအထိ စာရင်းအရ လုံးဝပျက်စီးသွားတဲ့ အဆောက်အဦ ၂,၁၄၉ လုံး၊ တစ်စိတ်တစ်ပိုင်း ပျက်စီးသွားတဲ့အဆောက်အဦ ၃,၄၅၅လုံး၊ ရေဝင်နစ်မြုပ်ခဲ့တဲ့ အဆောက်အဦ ၁၃၆,၀၂၃ လုံး၊ စာသင်ကျောင်းပေါင်း ၅၄၆ ကျောင်းနဲ့ ဘာသာရေးကျောင်း ၄၃၅ ကျောင်း ရေဝင် နစ်မြုပ်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ရေဘေးကြောင့် နေပြည်တော်မှ ၁၆၄ ဦး၊ ကရင်ပြည်နယ်မှ ၅ ဦး၊ ပဲခူးတိုင်းဒေသကြီးမှ ၂ ဦး၊ မန္တလေးတိုင်းဒေသကြီးမှ ၁၃၄ ဦး၊ ရှမ်းပြည်နယ်မှ ၇၈ ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ ၁ ဦး၊ စုစုပေါင်း ၃၈၄ ဦး သေဆုံးခဲ့ပြီး ၈၉ ဦး ပျောက်ဆုံးနေကာ လူဦးရေ ၁၄၈,၆၄၃ ဦး ရေဘေးသင့်ခဲ့ရပါတယ်။ ဒါ့အပြင် လမ်း၊ တံတား ၅၃၃ ခု ရေမျောပျက်စီးခဲ့ပြီး လျှပ်စစ်မီးတိုင် ၂,၄၈၉ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၉၉ ခု ပျက်စီးခဲ့ကာ တိရစ္ဆာန် ၁၄၄,၉၉၈ ကောင်သေဆုံးခဲ့ပြီး စပါးစိုက်ဧက ၇၅၃,၆၄၁ ဧက ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။(NVS 003)

22 Sep

ADVERTISE HERE .