ရန်ကုန်-သာစည် ရထားခရီးစဉ် ပြန်လည်ပြေးဆွဲ
22 Sepရထားလမ်းရေကြီးရေလျှံမှုတွေကြောင့် ယာယီရပ်နားထားတဲ့ ရန်ကုန်နဲ့ သာစည်အကြား အဆန်ရထား လမ်းပိုင်း ပြန်လည်ပြုပြင်ပြီးတဲ့အတွက် လူစီးရထားနဲ့ကုန်ရထားတွေကို စက်တင်ဘာလ ၂၀ ရက်က စတင်ပြီး ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်တယ်လို့ မြန်မာ့မီးရထားကနေ သိရပါတယ်။ တိုင်ဖွန်းမုန်တိုင်း “ရာဂီ” ရဲ့အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရန်ကုန်-မန္တလေးရထားလမ်းမကြီးရဲ့ အချို့ရထားလမ်း တာပေါင်နေရာတွေနဲ့ တံတားတွေကို ရေတိုက်စားပြီးပျက်စီးခဲ့တဲ့အတွက် စက်တင်ဘာလ ၁၃ ရက်ကစတင်ကာ ယာယီရပ်ဆိုင်းထားခဲ့ရာကနေ ပြန်လည်ပြေးဆွဲပေးတာ ဖြစ်ပါတယ်။ ခရီးစဉ်အစ၊ အဆုံး တစ်ဦးကို အထက်တန်း လက်မှတ်ခ ငွေကျပ် ၁၇,၀၀၀ နဲ့ ရိုးရိုးတန်း လက်မှတ်ခ ငွေကျပ် ၉,၀၀၀ နှုန်းနဲ့ အရင်နှုန်းထားအတိုင်း ပြန်လည်ပြေးဆွဲပေးနေတာ ဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် သာစည်-မန္တလေးရထားလမ်းပိုင်းကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး ပြုပြင်ဆောင်ရွက်နေသလို ရန်ကုန်ကနေ မန္တလေး အထိ ရထားလမ်းခရီးစဉ်တွေကိုလည်း မကြာမီမှာ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲပေးသွားမှာ ဖြစ်တယ်လို့လည်း မြန်မာ့မီးရထားကနေသိရပါတယ်။(NVS 003)