“လေပွေအရှိန်ကြောင့် နောက် ၅ ရက်အတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီးတွေများ မိုးထစ်ချုန်းရွာမည်”

20 Sep

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ စက်တင်ဘာလ ၂၀ ရက် နံနက် ၇ နာရီအချိန် ထုတ်ပြန်ချက် အရ စက်တင်ဘာလ ၂၀ ရက်မှ ၂၅ ရက်အတွင်း နေပြည်တော်အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးတို့မှာ မိုးထစ်ချုန်း ရွာသွန်းနိုင်တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၂၀ ရက် မြန်မာစံတော်ချိန် ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဗီယက်နမ်နိုင်ငံကုန်းတွင်း ပိုင်းဒေသများကို ဖြတ်ကျော်ခဲ့သော အပူပိုင်းမုန်တိုင်း “ဆိုးလစ်ခ် (SOULIK)” ဟာ အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ လာအိုနိုင်ငံအလယ်ပိုင်းဒေသများကို ဆက်လက်ဖြတ်ကျော်ခဲ့ကာ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ်သို့ အားလျော့သွား ခဲ့ပါတယ်။ အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်ဟာ အနောက်ဘက်သို့ ဖြည်းညင်းစွာ ဆက်လက်ရွေ့လျားနိုင်ပြီး၊ ထိုင်းနိုင်ငံ အရှေ့ပိုင်းဒေသများမှာ လေဖိအားနည်းဆဲလ်အဖြစ်သို့ အားလျော့သွားနိုင်ကာ၊ နောက် ၂၄ နာရီအတွင်း အကြွင်းအကျန် တိမ်တိုက်များနှင့် လေပွေလှိုင်းဟာ မြန်မာနိုင်ငံ၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ကို ဆက်လက်ဖြတ်ကျော် နိုင်ပါတယ်။ ထိုမှတစ်ဆင့် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ပြန်လည်အစပျိုးအားကောင်းလာနိုင်တယ်လို့ သိရပါတယ်။ အခုလိုဖြတ်ကျော်လာနိုင်တဲ့ လေပွေလှိုင်းရဲ့အရှိန်ကြောင့် စက်တင်ဘာလ ၂၀ ရက်မှ ၂၅ ရက်အတွင်း နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်နှင့် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်လို့ သိရပါတယ်။ ဆက်လက်ပြီး မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစတဲ့ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့်ဒေသအနီးမှာ နေထိုင်ကြသူများအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင် သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေး အနေဖြင့် လည်း ကြိုတင်သတိပြုနိုင်ပါရန် သတိပေးထားပါတယ်။ (NVS 003)

20 Sep

ADVERTISE HERE .