“ရေဘေးသင့်ဒေသများသို့ အရေးပေါ်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရန် Freighter Flight များဖြင့် ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်ပေးလျက်ရှိ”

19 Sep

ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူရန် Freighter Flight လေယာဉ်များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်ပေးလျက်ရှိနေတယ်လို့ MAI မှ စက်တင်ဘာလ ၁၈ ရက်က အသိပေးထုတ်ပြန်ထားကြောင်း သိရပါတယ်။ Myanmar Airways International (MAI) အနေဖြင့် ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်မှစပြီး လက်ရှိအချိန် အထိ ပြည်တွင်း/ပြည်ပအသီးသီးမှ မြန်မာနိုင်ငံရှိ ရေဘေးသင့်ပြည်သူများထံသို့ လှူဒါန်းသည့် ကယ်ဆယ်ရေး၊ ပြန် လည်ထူထောင်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများကို အခမဲ့ကူညီသယ်ယူပို့ဆောင်ပေးလျက်ရှိပါတယ်။ သံရုံးများ၊ အစိုးရမဟုတ်သည့် NGO အဖွဲ့အစည်းများ၊ ပုဂ္ဂလိကကုမ္ပဏီအဖွဲ့အစည်းများအပြင် ပြည်ပရောက် မြန်မာနိုင်ငံသားများမှ ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းသည့်ပစ္စည်းများကို ရန်ကုန်မြို့သို့လည်းကောင်း၊ ထိုမှတဆင့် ရေကြီးရေလျှံမှုနှင့် ပျက်စီးဆုံးရှုံးမှုများကို အများဆုံးခံစားရနေရတဲ့ နေပြည်တော်၊ မန္တလေး၊ တာချီလိတ်၊ ဟဲဟိုးနှင့် ကျိုင်းတုံမြို့များသို့ ပုံမှန်ပြေးဆွဲလျက်ရှိနေတဲ့ လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးနေပါတယ်။ ဒါ့အပြင် အ‌ရေးပေါ်ရောက်ရှိရန်လိုအပ်နေသည့် ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရန်အတွက်လည်း Freighter Flight ယာဉ်များကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ သီးသန့်စီစဥ်ပြေးဆွဲကာ သယ်ယူပို့ဆောင်ပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိပါတယ်။ MAI အနေဖြင့် မြန်မာနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါကြုံတွေ့နေရသည့် ကာလတွင်လည်း ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများမှ လှူဒါန်းသည့်ပစ္စည်းများကို မြန်မာနိုင်ငံတစ်ဝန်းလုံးသို့ အခမဲ့သယ်ယူပို့‌ဆောင်ပေးခဲ့သည့်အပြင် ရခိုင်ပြည်နယ်သို့ ဆိုင်ကလုန်းမုန်တိုင်း မိုခါဝင်ရောက်သည့်အချိန်တွင်လည်း အရေးပေါ်ပစ္စည်းများကို အခမဲ့ သယ်ယူ ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။ (NVS-004)

19 Sep

ADVERTISE HERE .