“ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန်သုံး လေအေးပေးစက်နှင့် အခြားအေးခဲစက်များကို တင်သွင်းမှုပိတ်ပင်”

19 Sep

ဟိုက်ဒရိုကလူရိုဖလိုရိုကာဗွန်များက ထုတ်လွှတ်တဲ့ ဓာတ်ငွေ့များက အိုဇုန်းလွှာပျက်စီးမှုကို ဖြစ်စေပြီး အိုဇုန်းလွှာပါးလာတာနှင့်အမျှ ကမ္ဘာမြေပေါ်မှာ ဓာတ်ရောင်ခြည်များကို တိုးပွားစေနိုင်တာကြောင့် ကမ္ဘာတစ်ဝန်းက သတိပေးနေကြခဲ့ပါတယ်။ အချို့သော HCFCs များက ရေရှည်မှာ ရေသတ္တဝါများအတွက်ပါ အဆိပ်ဖြစ်စေနိုင်တဲ့ သက်ရောက်မှုများ ရှိပါတယ်။ ဒါကြောင့် HCFC - 22/R-22 အပါအဝင် ဟိုဒရိုကလိုရိုဖလူရိုကာဗွန်(HCFCs) အသုံးပြုတဲ့ မြင်းကောင်ရေ ၂ ဒသမ ၅(၂၁,၀၀၀ BTU/HR)နှင့်အထက် စွမ်းအား(capacity) ရှိတဲ့ လေအေးပေးစက်နှင့် အကြီးစားစက်ပစ္စည်းများ ဖြစ်တဲ့လုပ်ငန်းသုံး၊ ရေခဲသေတ္တာများ၊ အေးခဲသိုလှောင်ခန်းများ၊ အေးခဲစက်များပြည်တွင်းသို့ တင်သွင်းမှုကို တားမြစ် ထားတယ်လို့ မြန်မာနိုင်ငံသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကနေ ထုတ်ပြန် ထားပါတယ်။ အဆိုပါအမိန့်ကြော်ညာစာကို စက်တင်ဘာလ ၇ ရက်မှာထုတ်ပြန်ခဲ့ပြီး ဖော်ပြပါပစ္စည်းများကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၆ ရက်ကနေ စတင်ကာ တင်သွင်းခွင့် တားမြစ်ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့နိုင်ငံများနည်းတူ အိုဇုန်းလွှာထိခိုက်ပျက်စီးစေတဲ့ ဒြပ်ပစ္စည်းများတင်သွင်းမှုကို ထိန်းချုပ်ကန့်သတ်ခြင်း လုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အိုဇုန်းလွှာပျက်စီးစေတဲ့ အအေးပေးပစ္စည်းများသုံးစွဲမှု လျှော့ချခြင်း တို့ကို ကမ္ဘာ့နိုင်ငံများနည်းတူ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်တွင်လည်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနသည် ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFCs/R-22) အသုံးပြုတဲ့ မြင်းကောင်ရေ ၂.၅ နှင့် အောက် အင်အားရှိ လေအေး ပေးစက် (HCFCs/R-22 based split and window type air conditioner equipment) များ ပြည်တွင်းသို့ တင်သွင်းမှုအား၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁ ရက်မှ စ၍တားမြစ်သည့်အမိန့်ကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂ ရက်ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂၈/၂၀၂၀ ဖြင့် ထုတ်ပြန်ထားပါတယ်။ နေမှထွက်သောအန္တရာယ်ရှိ ခရမ်းလွန်ရောင်ခြည်ကို အိုဇုန်းလွှာက ကာထားခြင်းနဲ့ ကမ္ဘာမြေကို အကာအကွယ် ပေးထားခြင်းဖြစ်ပါတယ်။ CFCs၊ halons နှင့် HCFCs အပါအဝင် အချို့သော ဓာတုပစ္စည်းများကို ထုတ်လွှတ် ခြင်းက အိုဇုန်းလွှာကို ဖျက်ဆီးပြီး တောင်ဝင်ရိုးစွန်းတွင် “အိုဇုန်းပေါက်” ကို ဖြစ်စေခဲ့တဲ့ သုတေသနများ ရှိပါတယ်။ (NVS 008)

19 Sep

ADVERTISE HERE .